အသုံးတော်ခံ



 
 
ကဝေမလေးပြောပြခဲ့တဲ့ပုံပြင်တွေထဲမှာ

စွယ်တော်ပင်ခြေရင်းအောက်က

မီးထတောက်ခဲ့တဲ့အကြောင်းမပါဘူး

ရင်ထဲကိုပစ်ပေါက်ဖူးတဲ့မျှော်လင့်ခြင်းတွေဟာ

အခုချိန်မှာမီးဟုန်းဟုန်းတောက်ခဲ့ပြီ

အသိမ်းလွန်နေခဲ့တဲ့စာအုပ်ကြားထဲက

ချယ်ရီပွင့်ခြောက်လေးတွေဟာ

အနုပညာမှော်ဝင်စားမှုအတွက်သက်သေ

ကဝေမလေးအရှက်ပြေပြုံးတဲ့အခါ

ကောင်းကင်နံရံပေါ်မှာကြယ်ပွင့်လေးတွေချိတ်ဆွဲလို့ 

ကျွန်တော့ကိုခနဲ့ သလိုလို ရွဲ့ သလိုလို

အစမ်းသပ်လွန်ခဲ့တဲ့အလွမ်းတွေဟာ

ထားရာမနေစေရာမသွားတော့ဘဲ

ဘယ်ဖက်အခြမ်းကိုဒုက္ခပေးလွန်းနေပြန်တယ်

ကဝေမလေးကတော့တခစ်ခစ်ရီလို့ 

အဲဒီအကြောင်းတွေ

ရှက်လို့ စားမြုံ့ မပြန်တော့ပါဘူးဆိုခါမှ

ခဏခဏဘဲသတိတရရှိနေမိတယ်

အတိအကျရက်စွဲတွေနဲ့ အဲဒီတရက်ထဲမှာကိုပဲ

ကဝေမလေးဝှက်ထားတဲ့အစွယ်တွေဟာ...ဖွေးခနဲ

ပဉ္စလက်ကြိုး(၁၂)ကြိုးမကတဲ့အတတ်တွေနဲ့ 

တသက်လုံးအတွက်မရိုးမရွခံစားမှုဟာ

ရင်ဘတ်နှစ်ခြမ်းဗြန်းဗြန်းကွဲအောင်ဝင်တိုက်တယ်

သြော်....မိုက်လိုက်မိတဲ့ ကျွန်တော်ပေါ့

ကဝေမလေးဆော့စရာအရုပ်တခုအဖြစ်သေ၀ပ်စွာ

မိုးသူ(တောင်ကြီး)
17 December 2012/Monday
03:14/PM

No comments:

Post a Comment