ချယ်ရီပွင့်တို့ နှင့်တသက်တာလမ်းခွဲ



 
 
" ဖြောက် " ခနဲတီးလိုက်တဲ့ လက်ဖျစ်သံအဆုံးမှာ
ချယ်ရီပွင့်တွေ ဖွားကနဲကြွေကျလာတယ်
ဆောင်းပွင့်တွေဟာအဖွေးသား
မြက်ရိုင်းပင်တွေအဖျားမှာတွဲလဲခိုစီးလို့ 
ဆန့် ကျင်ဖက်ခြေအစုံနှစ်ခုကို
ငေးတိငေးမောကြည့်နေကြတယ် ။

ခရမ်းပြာတောင်တန်းပေါ်ကချယ်ရီပွင့်တို့ ဟာ
အထစ်အငေါ့မရှိပဲဖူးပွင့်တယ်
အရူးရင့်တဲ့နေ့ ရက်တို့ ကိုရင်မဆိုင်ချင်ပါပဲ
သူမစကားလုံးအချို့ ရဲ့ တိုက်ခိုက်မှုဒဏ်ကို
အသေအချာအလူးအလဲခံနေခဲ့ရတယ်
ချယ်ရီပွင့်တို့ ဟာစွံအခြင်းတွေကိုမသိကျိုးနွံပြုရက် ။

သူမထမီအနားစဟာခြေလှမ်းတွေပျက်နေတယ်
အဆိုးဝါးဆုံးသောအက္ခရာတွေသာ
ကဗျည်းတင်ခံထားရတဲ့နှလုံးသားဟာ
မီးပင်လယ်ပြင်ထဲမှာလက်ပစ်ကူးလို့ 
ဘာမှမဖြစ်ချင်တော့တဲ့စိတ်နဲ့ ဖြစ်ချင်ရာဖြစ်
သိသိသာသာပဲလစ်လျူပြုထားလိုက်တယ် ။

အချိုးမကျတဲ့ပုံစံနဲ့ ဒီဇင်ဘာဟာ
နည်းလမ်းမမှန်တဲ့နံနက်ခင်းတွေကို
ပွေ့ ဖက်ယုယလို့ ရင်ခွင်တခုမှာဝှက်ထားခဲ့ပြ
အေးစိမ့်နေတဲ့နောက်ဆုံးနေ့ ရက်တွေနဲ့ 
ဆောင်းရာသီဟာကိုယ်တခြမ်းပုံပျက်လို့ 
အထီးကျန်ခြင်းတို့ ကိုအားပေးနှစ်သိမ့်တယ် ။

ဆို့ တက်လာတဲ့မျက်ရည်ပူပူတွေဟာ
နှင်းမှုန်တို့ နဲ့ ဘယ်လိုမှမလိုက်ဖက်မှန်းသိပေမယ့်
ထိန်းထားလို့ မနိုင်ခဲ့တဲ့ဝမ်းနည်းစိတ်တွေဟာ
နှလုံးအိမ်ကိုတွန်းထိုးမွှေနှောက်တယ်
အပန်းရောင်ချယ်ရီပွင့်တို့ ကို
ကြေမွှနေအောင်ဆုပ်ကိုင်ထားရင်း
နောင်လာမယ့်နေ့ ရက်တို့ ကို
နင်မရှိပါပဲငါဘယ်လိုဖြတ်သန်းရမလဲဆိုတဲ့အတွေးတို့ နဲ့ ။ ။

မိုးသူ(တောင်ကြီး)

25 December 2012/Tuesday
06:55/AM

No comments:

Post a Comment