စိတ်တခု၏သိပ်သည်းဆ
ပကာသနတွေနဲ့ ဓါတ်ပုံတွဲရိုက်ထားတဲ့
အတ္တရုပ်မြင်ပုံရိပ်ဟာဇာတ်ပျက်သွားတယ်
ဟိုလူကလဲအဲဒီစကားပြောတယ်
ဒီလူကလဲအဲသလိုပြောပြန်တယ်
အချိုသကာလူးထားတဲ့အဆောင်အယောင်ဟာ
ခပ်ပြောင်ပြောင်အထင်ကြီးခံလို့ 
တင်စီးလွန်းတဲ့ပင်ကိုစရိုက်တွေနှိုက်ထုတ်
ခောတ်ဟာစနစ်ကိုအမှိုက်ပုတ်ထဲထိုးထည့်လိုက်ပြီ
စကားလုံးတွေဟာသူ့ ကိုယ်သူ...စာလုံးပေါင်းလိုပေါင်း
သတ်ပုံကိုသတ်ပုံကျမ်းမှာအမှားအမှန်ခြစ်ခိုင်းတယ်
မွမ်းမံပြင်ဆင်ခြင်းမရှိတဲ့ တင်္ခဏုပ္ပတ္တိဉာဏ်တွေနဲ့ 
လျှပ်ပေါ်လော်မာခြင်းဟာသရဖူဆောင်းလိုဆောင်း
ကြိုတင်ကြံစည်မှုအပေါင်းနဲ့ ရုတ်ရုတ်သဲသဲ
အောင်မြင်စွာဘဲပွဲတလုံးတမျှစည်ကားတယ်
စိတ်ရောင်စုံတွေကြားမှာညက်သပ်နေတဲ့
ဖေးမမှုဟာနာတာရှည်ရောဂါသည်(သယ်)
သည်းခံမှုဟာဒုက္ခိတဖြစ်လို့ ၊ စာနာမှုဟာနလံထလူမမာ
ဒေါသဟာဝင်ခွင့်မပြုတဲ့မလွယ်ပေါက်တွေကနေလျောခနဲဝင်
ထွက်ပေါက်ကိုပိုက်စိပ်တိုက်လို့ အငမ်းမရရှာဖွေတယ်
ကိုယ့်အမှားကိုယ်ဘယ်တုန်းကမှသတိမမူမိခဲ့ပါဘူး
အတ္တဦးဆောင်ရာနောက်ကောက်ကောက်ပါအောင်လိုက်ရင်း
ကျုပ်ဟာဒီနေ့ မသေသေးရင်မနက်ဖန်သေဖို့ အဆင်သင့်
Density of A Mind
မိုးသူ(တောင်ကြီး)
23 December 2012/Sunday
12:11/PM
3 comments:
မိုးနတ်ကြယ်စင် said...
အနုကြမ်းစီးခံရတဲ့စိတ်ဓါတ်တချို့ အတွက်
ဖေးမမှုဟာနာတာရှည်ရောဂါသည်(သယ်)
သည်းခံမှုဟာဒုက္ခိတဖြစ်လို့ ၊ စာနာမှုဟာနလံထလူမမာ ....:)
အကိုမိုးသူ လက်ရာလေးတွေ ဘလော့ပေါ်မှာ
မဖတ်ရတာ အတော်ကိုကြာပြီ...အဲလိုလေး
တင်ပေးပါ အကိုရ .....ဘလော့လေးကို
ပစ်မထားပါနဲ့နော် :(
ခင်တဲ့...မိုးနတ်ကြယ်စင်
Anonymous said...
စကားလုံးရွေးချယ်မှု သိပ်ကောင်းတာပဲ
~ Kk ~
Yoemyaykya said...
စိတ်တခုရဲ့ သိပ်သည်းဆကို ခံစားသွားပါတယ်။ သည်းခံမှုဟာဒုက္ခိတဖြစ်လို့ ၊ စာနာမှုဟာနလံထလူမမာဖြစ်လို့လာနေပီ။
Post a Comment