အရိပ်မထွက်တဲ့ကောက်ကြောင်းများ
သန်းခေါင်ယံအတွက်မိုးချုပ်နေတယ်
ရိုးစင်းလွန်းတဲ့မာယာအတွက်
အဆိပ်သီးတလုံးဟာ
သက်တောင့်သက်သာကြွေကျတယ်
နေပြမယ်ငါ့မာနတွေအတွက်
နင်ဟာ မိန်းမဆိုးအဖြစ်
ငါရာဇ၀င်မှာကဗျည်းထွင်းထားပြီးပြီ
(ငါဟာသက်ရှိသတ္တ၀ါဖြစ်နေလို့ )
မှောင်လွန်းတဲ့ကောင်းကင်ပြင်ဟာ
အလင်းအားမဲ့ခြင်းကိုနှစ်သက်လိမ့်မယ်
စေလိုရာစေလိုက်စမ်းပါ
ဘယ်ကမ်းကိုဆိုက်ကပ်ရမှန်းမသိတဲ့လှေငယ်ဟာ
လေကြောင်းပြောင်းသင်ရိုးညွှန်းတန်းတွေထဲမှာ
အတ္တ၀ါဒတွေစားသုံးလို့ 
(ငါဟာသက်ရှိသတ္တ၀ါဖြစ်နေလို့ )
ငါဟာရုပ်ဝထ္ထုတွေစုပုံထားတဲ့အလောင်းကောင်ဖြစ်တယ်
ခနဲ့ စမ်း၊ရွဲ့ စမ်း၊ကဲ့ရဲ့ စမ်း..အပုတ်ရည်တွေယိုစီး
အပူမီးတွေဟာဟုန်းဟုန်းတောက်လို့ လောင်ကျွမ်း
ငါ့မျက်ရည်ဟာခမ်းလုလုအချိန်ထိ
ဒါမှမဟုတ် ရှုရှိုက်မှုဟာ
အသက်ငွေ့ ငွေ့ လေးဖြစ်တဲ့အထိ
နင့်ကိုသတိတရတော့ရှိနေမယ်ထင်တယ်
(ငါဟာသက်ရှိသတ္တ၀ါဖြစ်နေလို့ )
အသံတွေ....အသံတွေ....အသံတွေ
စူးစူးဝါးဝါးပါပဲ
မထူးခြားတဲ့နေ့ ရက်တွေကိုဖြတ်ကူးရင်း
နေမမြင့်ခင်မှာပဲအရူးရင့်နေခဲ့ပြီ
ငါ့ရဲ့ မိုက်မဲမှုအတွက်ထိုက်တန်တဲ့ဆုလာဘ်တခုလား
အဲသလိုဆိုရင်တော့
လောကကြီးဆီကလျော်ကြေးတခုခုတောင်းမယ်
(ငါဟာသက်ရှိသတ္တ၀ါဖြစ်နေလို့ )
ပင်ပမ်းခံရကြိုးမနပ်တဲ့အားထုတ်မှုတွေဟာ
ယုတ်လျော့နွမ်းရိနေတဲ့နှလုံးသားကိုမှ
ကလိသလို ရိသလိုနဲ့ လာလာစွတယ်
သတ်မှတ်ချက်ဘောင်ထဲကဥပဒေသတွေခုတုံးလုပ်ပြီး
မရွံတတ်တဲ့တုန်လှုပ်မှုတွေဟာပြုံးလို့ ရယ်လို့ 
လောကကြီးကိုကျေနပ်နေသတဲ့
(ငါဟာသက်ရှိသတ္တ၀ါဖြစ်နေလို့ )
အဲသလိုနဲ့ စိတ်ကူးထဲမှာ
ကမ္ဘာကြီးကိုနောက်ပြန်လည်ခိုင်းမလို့ 
အရာအားလုံးဟာအသစ်..အသစ်တွေနဲ့
ဖိတ်ဖိတ်တောက်လျက်သားတွေ့ မြင်လိုက်တယ်
လှစ်ခနဲလက်သွားတဲ့ အတွေးတွေဆုံးခန်းမတိုင်ခင်မှာပဲ
နင်ပြုမူခဲ့ဖူးတဲ့ပုံရိပ်တွေကိုခလုပ်တိုက်မိလိုက်တိုင်း
(ငါဟာသက်ရှိသတ္တ၀ါဖြစ်နေလို့ )
ဟုတ်တယ်လေ ဟုတ်တယ်မလား
ငါ့ခန္ဓာကိုယ်ဟာ
အသွေးတွေအသားတွေနဲ့ တည်ဆောက်ထားတယ်
ခံစားတတ်တယ် နိုးကြားတတ်တယ်
လှုံ့ ဆော်မှုကိုတုံ့ ပြန်တတ်တယ်
ကြေကွဲတတ်တယ် နာကျဉ်းတတ်တယ်
ကြင်နာတတ်တယ် နာကြင်တတ်တယ်
ဖော်ရွေတတ်တယ် ဥပေက္ခာပြုတတ်တယ်
သနားတတ်တယ် ရက်စက်တတ်တယ်
နင်တကယ်ပဲမသိခဲ့တာလား
ငါဟာသက်ရှိသတ္တ၀ါစစ်စစ်ဖြစ်တယ်
မိုးသူ(တောင်ကြီး)
11 March 2013
06:01/PM
No comments:
Post a Comment