သာဓကများစွာနဲ့ ဘဝ


မတင်မကျဖြစ်နေတဲ့မွန်းကြပ်ခြင်းတွေ

ညကတည်းကရိတ်သိမ်းထားလိုက်တယ်

စိတ်ထိမ်းလို့ မရတဲ့ စိမ်းဖန့် ဖန့် တဏှာတွေဟာ

ညှီစို့ စို့ သိက္ခာတွေနဲ့ အပြိုင်

ဂတိမော်ကွန်းရေးထိုးကြသတဲ့

ဘ၀မဲ့နေတဲ့ ညည့်ငှက်တွေဟာ

သွေးသားတောင့်တမှုကိုချဉ်ခြင်းတက်ရင်း

ပယင်းရောင်ဖန်ခွက်တွေကြားမှာပဲ

လွတ်လပ်စွာနဲ့ ပျော်မြူးကခုန်

ဘ၀ကိုရေစုန်မမျောပဲဆန်တက်ကြလေရဲ့ .....


ပီပြင်စွာအုပ်မြစ်ချထားတဲ့သမိုင်း

ကံကြမ္မာလှိုင်းတို့ မရိုက်ခပ်သေးလို့ 

နီယွန်မီးထိန်ထိန်အောက်မှာပဲ

သွေးပူလေ့ကျင့်ခန်းစတင်ခဲ့တယ်

ဘ၀ဟာရှင်လျှက်နဲ့ သေတယ်

ညဟာအပြင်အဆင်လဲ့နေတယ်

ရင်ခွင်မဲ့ရေပေါ်ဆီ မာနတွေခမျာမှာတော့

ဂုဏ်ပကာသနတွေရဲ့ စည်းဝိုင်းကြားမှာ

မျက်ဖြူစိုက်လို့ အညံ့ခံဒူးထောက်နေရာရှာတယ်.....


အဆန်းတကြယ်ကြီးတော့မဟုတ်ခဲ့ပါဘူး

ရုတ်တရက်ဖြီးဖြန်းတတ်တဲ့ ကိုယ်ကျင့်တရားတွေကို

ဇောက်သိပ်မနက်တဲ့စကောထဲမှာ

ညသိပ်ရေနဲ့ ဆေးကြောခဲ့မိလို့ ပါ

ဒီမှာမိတ်ဆွေ...

အကျွန်ုပ်သည်ဇောင်းခါးသီးမဟုတ်ပါ

ထိုကြောင့်.....

အကျွန်ုပ်သည်ကြယ်အသွင်သဏ္ဍန်ကင်းမဲ့၏

ရာထူးဂုဏ်သိမ်ဆိုတာဟာနတ္တိ....

အို...အတပ်သိသော......ရပ်မိရပ်ဖအပေါင်းတို့ 

အကျွန်ုပ်ကိုယ်တိုင် သေခြင်းနဲ့ ရှင်ခြင်းကြားမှာ

လောဘဇောတွေနဲ့ ဗျာများနေရပါ၏

မိုးသူ(တောင်ကြီး)
23March2012/Friday
04:27/PM

3 comments:

စံပယ်ချို said...

ဟုတ်တာပေါ့မိုးသူရေ
တစ်ယောက်ထဲမှ မဟုတ်တာလေ
လူတိုင်းလိုလို လောဘဇောတွေနဲ့ ဗျာများနေရတာပါပဲ

ချစ်စံအိမ် said...

အကျွန်ုပ်ကိုယ်တိုင် သေခြင်းနဲ့ ရှင်ခြင်းကြားမှာ

လောဘဇောတွေနဲ့ ဗျာများနေရပါ၏
မှန်လိုက်တာ..

ဖြိုးဇာနည် said...

ဟုတ်ပဗျာ့ပယင်းရောင်ဖန်ခွက်တွေကြားမှာပဲ

လွတ်လပ်စွာနဲ့ ပျော်မြူးကခုန်

ဘ၀ကိုရေစုန်မမျောပဲဆန်တက်ကြလေရဲ့ .....

တစ်ခါတစ်လေမှာ စိတ်ဖြေဖျောက်ခြင်းတစ်မျိုးနဲ့

အားသစ်တွေကိုမွေးမြူခြင်းတစ်မျိုးပါပဲ့အသိနဲ့

ထိန်းသိမ်းတတ်ရင် ပရင်းရောင်ခွက်ကလေးကလဲ

အားဆေးတစ်ခွက်ပေါ့လေ

Post a Comment