ထပ်တူမကျနိုင်တော့တဲ့မျဉ်းပြိုင်နှစ်စင်း



တေးသံတွေထုံသင်းနေတဲ့ နံနက်ခင်းအတူ

လောကကြီးကိုဒီနေ့ အယုံသွင်းလိုက်ပြီ

နှလုံးအိမ်ထဲမှာစုန်ဆင်းနေတဲ့ မြစ်တွေဟာ

အချစ်စစ်အဖြစ်သဏ္ဍန်ပြောင်းခြင်းခံလိုက်ရတယ်

နေသားတကျထုထောင်းကာပုံဖော်ထားတဲ့ 

အကြည့်ညိုညိုတွေဟာမိုးပြိုသလိုပါပဲ

မြှားတစင်းရဲ့ အထ္ထုပ္ပတိထဲမှာ

ဘက်လိုက်ခြင်းတွေလဲဆိတ်သုန်းလို့ နေပါတယ်

အခြေခံမခိုင်ခန့် တဲ့စိတ်ကူးနဲ့ 

မှုဒိမ်းမကျင့်ပါနဲ့ နော်

အမှောင်ချခြင်းခံလိုက်ရတဲ့ပါးလျလျနေ့ တွေမှာ

တိုးလျှို့ တောင်းပန်မှုတွေနဲ့ အတူ

အပန်းရောင်လွင်ပြင်ဟာ...တခုခုနဲ့ 

ချိတ်ဆက်ပြီးဖောက်လွဲဖောက်ပြန်ပြုနေခဲ့တယ်

အဲဒီနှုတ်ခမ်းတစုံကိုစိတ်ချလို့ ထားလိုက်ပါပြီ

လောင်းရိပ်အောက်ကထွက်ခွါခွင့်ပေးပါ

ကျေးဇူးပြုပြီး အဓမ္မမပြုကျင့်ပါနဲ့ 

အသံတိတ်အော်သံတွေဟာလဲဗလောင်ဆူ

ဂျောင်ထူထူမှာပိတ်လှောင်ထားတဲ့အတွေးတွေနဲ့ 

လိပ်စာမပါတဲ့ အီးမေလ်းတခုပို့ လိုက်သေးတယ်

ငါ့ညတွေညိုးနွမ်းနေတာအချိန်တော်တော်လင့်ခဲ့ပါပြီ

အမြဲမှန်ကန်ခဲ့တဲ့လင်းကြက်တွန်သံတွေဟာလဲ

ပုံပျက်နေတဲ့ ညနာရီတွေနဲ့ အချိန်တွေလွဲလွဲနေခဲ့တယ်

တိမ်မဲတွေအုံ့ တဲ့ နေ့ နင့်လက်တဖက်ကို

ခပ်တင်းတင်းလေးဆုပ်ကိုင်ခွင့်ပေးပါနော်

သွေးကြောတွေမှာလဲတောင့်တင်း

စွဲလမ်းမှုတွေဆောင်ကျင်းတဲ့ နှလုံးသား

ရုန်းရင်းဆန်ခပ်ဖြစ်နေတဲ့ပဋိပက္ခကြားမှာ

ဗလာကျင်းလို့ ကိုယ်လုံးတီးဖြစ်ခဲ့တာလဲ

တကယ်ပဲသတိမမူမိလိုက်ခဲ့ပါဘူးကွယ်

မင်းမြောက်တန်ဆာငါးပါးထဲမှာ

သံလျက်မပါလို့ မဖြစ်ဘူးနော်

နင့်ဘ၀မှာငါမပါပဲဖြစ်ရဲ့ လား

ဘယ်လိုပဲဖြစ်ဖြစ် ဒိုင်းတခုကိုကိုင်စွဲ

အချစ်တွေမယိုင်မလဲသေးသရွေ့ 

နင့်ကိုကာကွယ်နိုင်တဲ့ သူပဲဖြစ်ချင်ခဲ့တယ်

စိတ်ကူးဟာ စိတ်ကူးပါပဲ

သိပ်တော့ မထူးဘူးထင်ပါရဲ့ 

အရူးတယောက်ရဲ့ မျှော်လင့်ချက်ကို

ပုံကြီးချဲ့ မှန်ဘောင်သွင်း

အရောင်အဆင်းမတောက်ပခဲ့တဲ့ 

နာကြင်ခြင်းနဲ့ ကြင်နာခြင်းတွေဟာလဲ

အမှီသဟဲမပြုနိုင်ခဲ့ပါဘူးကွယ်....

တကယ်ဆို...အချစ်ဟာ

လုပ်ငန်းသုံးပစ္စည်းတခုမှမဟုတ်ခဲ့တာ

နာဖျားခြင်းတွေနဲ့ ပေါင်းစည်း

မျဉ်းတကြောင်းတည်းသာဖြစ်သင့်ပါရဲ့ 

အခုတော့ကွယ်

အတ္တတွေကိုခိုစီး

ငိုငြီးဖူးတဲ့ ဒဏ်ရာဟောင်းနဲ့ 

အကြောင်းတခုပေါ်တခုဆက်သွယ်

မျက်ရည်လွယ်တတ်တဲ့မျဉ်းပြိုင်

ယိမ်းယိုင်လို့ ကျောခိုင်း

ပြောတိုင်းလဲယုံခဲ့ပါရဲ့ နဲ့ ..........

.............................

....................

...........

မိုးသူ(တောင်ကြီး)
22March2012/Thursday
11:32/AM

1 comment:

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်..

Post a Comment