တော်လဲသံတွေနဲ့ တောခြောက်တဲ့ည..


မှတ်မှတ်ရရပါပဲ
ကျွန်တော့ကိုကြယ်တွေငုံ့ ကြည့်နေကြတယ်
ရှိုက်သံသဲ့သဲ့လေးနဲ့ 
ဘယ်သူမှမကြားမိဘူးထင်ထားတာ
ပ၀ါလေးတထည်ကမ်းလာမှ
လမ်းမြင်ရတော့တယ်.....

မျက်လုံးတစုံလဲ ကြိမ်းစပ်လို့ နေခဲ့ ပါပြီ
ရင်ခုန်သံအထိန်းမတတ်ခဲ့ လို့ သာ
ဟိုယိမ်းဒီယိုင်နဲ့  ညစဉ်ညတိုင်း
ခပ်မှိုင်းမှိုင်းအပြုံးတွေဖိတ်စင်ခဲ့ရတာ
သတို့ သားပြောက်ခဲ့ တဲ့ လမင်းလိုပေါ့
ကျွန်တော်မရူးသွပ်ချင်ပါပဲနဲ့ ရေငတ်ခဲ့တယ်....

အကြည့်တွေလွဲနေခဲ့တဲ့နေမင်းကြီးရေ
ကျွန်တော်တော့...ခင်ဗျားကိုတင်းတယ်
မငြင်းစမ်းနဲ့ ဗျာ.....
ချစ်သူရဲ့ မျက်ဝန်းနက်နက်တွေထဲက
ခုန်ချလာတဲ့ ပုလဲဖြူဖြူလေးတွေ
ခင်ဗျား...ကောက်တွေ့ ခဲ့တဲ့နေ့ က
ကျွန်တော့စိတ်ရဲ့ အပျိုစင်ဘ၀ကို
ဝါးမျိုခဲ့တယ်မဟုတ်လား......

ပါဝင်ပတ်သက်ဖူးတဲ့ ဆောင်းညတွေကို
နောင်ကျဉ်အောင်တော့ပညာပေးလိုက်ချင်ပါသေးတယ်
အဲဒီညက တယောတလက် ခိုက်ခိုက်တုန်အောင်အေးရှာသတဲ့
အဆိုတော်မလေး ရဲ့ ခန္ဓာကိုယ်ဟာ
သိပ်တော့စိတ်ဝင်စားဖို့ မကောင်းလှပါဘူး
ကျွန်တော့ညတွေဟာတေးမဆိုဖြစ်တော့ဘူးလေ
မျက်နှာဖုံးစွတ်ထားတဲ့ မနက်ခင်းတွေကသာ
ကျေးစားမအသွင် ဟန်ဆောင်နေခဲ့ တာပါ

တစတစနဲ့ အက်ကွဲလို့ လာခဲ့ ပါပြီ
ကျွန်တော့ရဲ့ ရည်မှန်းချက်တွေထဲမှာ
ခွါသံတချက်မှမပေါက်လိုက်ရပဲ
ပန်းတိုင်ရှေ့ မှောက်ရက်မလဲစေရဘူး
စစ်ပွဲတွေအတွက်အကျုံးဝင်တယ်....

စူးစူးဝါးဝါးအော်လိုက်တဲ့ တယ်လီဖုန်းသံဟာ
တကယ်တော့ဂီတသံမဟုတ်ခဲ့ ပါဘူး
မိုးကောင်းလို့ နစ်မြုတ်သွားတဲ့မြစ်တစင်းဘ၀ဖြစ်ခဲ့ ရင်တောင်
ရောမခေတ်ကိုပြန်ရောက်ဖို့ စုမတောင်းခဲ့ပါဘူး
ဒါပေမယ့် ရောမလိုတော့ကျင့်ချင်တယ်

အရာရာတိုင်းဟာမရှိခြင်းတရားတွေစိုးမိုးနေခဲ့တယ်
ကြယ်ကြွေရေ....မင်းလဲမင်းနေရာမှာမရှိခဲ့ပါဘူးကွာ
ငါဟာလဲ ငါနေရာဆိုတာသပ်သပ်မှတ်မှတ်မသိခဲ့ဘူး
အထပ်ထပ်ကာရန်ထားတဲ့ ဆူးတွေကြားမှာမှ
မင်းဟာပန်းတပွင့်ဘ၀ဖြစ်ခဲ့ ရသလားကွာ
ဒီတိုင်းလေးပဲ လစ်လျူရှုလိုက်ပါတော့မယ်

အဆင်းမဲ့အတ္တတွေတုံးလုံးပက်လက်နဲ့ 
ခြေကားရားလက်ကားရားအိပ်မောကျနေတာများ
ဘယ်တော့မှမနိုးထတော့မဲ့ တိတ်ဆိတ်ခြင်းနဲ့ 
မှော်ဝင်စကားစုတွေအလား အရှက်မဲ့နေကြတယ်နော်
ထို့ အတူ... စုန်းမတယောက်ရဲ့ မျှော်လင့်ခြင်းတွေထဲမှာ
အကန့် သတ်မရှိတဲ့ ၀တ်စုံဖြူဖြူလေးကိုမက်မောမိမှာတော့အမှန်ပဲ

ကျွန်တော့ကိုပြုစားလှည့်ပါ......
တကယ်တော့ .....
ကျွန်တော်ဟာကျောက်ထွင်းအက္ခရာမဟုတ်ပါ
ကျွန်တော်ဟာ စာတိုပေစ မဟုတ်ပါ
ကျွန်တော်ဟာ ကာပူချီနို တခွက်မဟုတ်ပါ
ကျွန်တော်ဟာလေးသမားတယောက်မဟုတ်ပါ
ကျွန်တောဟာ ချော့ကလက်တထောင့်မဟုတ်ပါ
လောကကိုဖြောင့်ဖြောင့်ကြီးဆန့် ကျင်ခဲ့ တဲ့ 
ရာဇ၀တ်သားတဦးအသွင်ဖြင့်........

အဲဒီညက အာခေါင်တွေအရမ်းခြောက်ကပ်နေခဲ့တယ်


မိုးသူ(တောင်ကြီး)
01 February 2012/WED
11:12/AM

3 comments:

လွင်ပြင်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ ကဗျာ

လွင်ပြင်လှိုင်းငယ် said...

ခင်လဲခင်တယ် အားလဲနားတယ် ထပ်ပျက်သွားလို့ လင့်အသစ်လေးထားခဲ့ပါရစေနော် http://sabailwinpyin.blogspot.com

စံပယ်ချို said...

ပါဝင်ပတ်သက်ဖူးတဲ့ ဆောင်းညတွေကို------
အထူးသဖြင့်တောင်ကြီးဆောင်းပေါ့နော်

Post a Comment