သဟဇာတမဖြစ်နိုင်သောတစိမ်း...
ကမ်းပေးလိုက်တဲ့ လက်တဖက်ဟာ
ချစ်သူအတွက်..သတ်ပုံမှားနေခဲ့တယ်ဆိုတာ
တကယ်ပဲမသိခဲ့ပါဘူး.....
ကျေနပ်ပေးပါတော့နော်
ရေသောက်လိုက်မှချိုမြိန်သွားတယ်ဆိုတဲ့
ဇီးဖြူသီးလို ဘ၀မျိုးတော့မဖြစ်ပါရစေနဲ့ 
ချစ်သူရေ......
တစတစနဲ့ ရက် လ နှစ်တွေ
ကာလအပိုင်းအခြားသုံးမျိုးနဲ့ တိုက်စားလာခဲ့ပြီနော်
မလှောင်လိုက်ပါနဲ့ ကောင်းကင်ကြီးရယ်
ကျွန်တော်ဟာ တွင်းအောင်းသတ္တ၀ါမဟုတ်လို့ ပါ
ဒါပေမယ့် ကြယ်တွေကြွေတာလဲမြင်ဖူးခဲ့တယ်
စိတ်ဒဏ်ရာတွေအနာဖေးမခွာခင်ကတည်းက
အတိတ်သမိုင်းတချို့ လဲပြည်တစိုစိုနဲ့ 
အတွင်းထိအောင်လှိုက်စားခြင်းလဲခံခဲ့ရပါတယ်
အဲဒါလားဟဲ့...... သံယောဇဉ်ကြိုး
ကျွန်တော်များယက္ကန်းခပ်တတ်ရင်
တကြိမ်တခါလောက်လွန်းတင်လိုက်ချင်ပါရဲ့ 
ပင့်ကူမျှင်တွေကိုသဘောကျတဲ့ သူမို့ ပါ
အခုတော့ဗျာ....
ကျောက်ခေတ်ယဉ်ကျေးမှုဝတ်စားဆင်ယင်ပုံမျိုးနဲ့
ရင်ထဲထိဗလာဖြစ်အောင်ပြုရက်သေးသတဲ့ 
သပ်ရပ်ခမ်းနားတဲ့ ရွှေဘောင်ကွပ်ဂုဏ်ပြုလွှာမျိုး
တခါမှလဲ..မပိုင်ဆိုင်ခဲ့ဖူးသေးပါဘူးကွဲ့ 
ချစ်သူရဲ့ လက်တဖက်ကိုဆွဲ
ပုံပြင်ထဲကကြည်နူးခြင်းတွေရှိတဲ့ 
အရပ်ကိုတော့သွားဖူးချင်တာပေါ့
ချစ်သူရေ.....
ငှက်တွေဟာအနောက်ဖက်ကိုပျံသန်းလေတိုင်း
သူတို့ အိပ်တန်းပြန်တာမဟုတ်ခဲ့ဘူးနော်
သိပ်မဆန်းကျယ်ခဲ့ပါဘူးကွယ်
ဒွန်တွဲနေတဲ့ အခြမ်းနှစ်ခုခွဲထွက်လိုက်ယုံလေးပါ
နေမင်းကြီးရေ ..
ခင်ဗျားနဲ့ အတူ
ကျွန်တော်လဲ..စုန်းစုန်းမြုတ်ပစ်လိုက်ချင်ပြီ.....
မိုးသူ(တောင်ကြီး)
30 January 2012/Monday
10:13/AM
1 comment:
စံပယ်ချို said...
ချစ်သူရဲ့ လစ်လျူရှုမှုတွေမခံတော့ဘူး
ခင်ဗျားနဲ့ အတူ
ကျွန်တော်လဲ..စုန်းစုန်းမြုတ်ပစ်လိုက်ချင်ပြီ.----တဲ့
ခင်တဲ့ jasmine
Post a Comment