ခရီးရှည် နှင့် ခရီးသည်
ခရီးရှည် နှင့် ခရီးသည်
==============
အာပလာဖြစ်မယ့်လျှောက်လွဲချက်တွေကိုကြိုးဖြည်လွှတ်လိုက်မိတယ်
နေ့ စဉ်ရက်ဆက်မိုးမရွာတဲ့ဝါဒဘယ်သူ့ ကိုဒေါသဖြစ်လို့ ဖြစ်မှန်းမသိရတဲ့ကိစ္စနဲ့ 
အတွင်းအဇ္ဈတ္တအမိန့် ကြောင့်တင်းကြပ်စွာစေခိုင်းလိုက်ပြန်တယ်
ခြစ်ခြစ်တောက်ပူနေတဲ့နှလုံးအိမ်ကိုရေခဲအုပ်ဖို့ မလိုဘူး
သီအိုရီမဆန်တဲ့ရုပ်ကြွအပူရောင်မျက်နှာဖုံးတွေကြားမှာ
ပိုးတုံးလုံးဝိဉာဉ်တကောင်လို အတ္တရုပ်ကိုချက်ချင်းပြောင်းလဲစေတဲ့ပညာရပ်နဲ့ 
ထုသားပေသားကျနေထိုင်မိတော့ ဟာသတွေတစီတတန်းပါပဲ
တခါတလေများရီရင်းနဲ့ မျက်ရည်တောင်ပိုးပိုးပေါက်ပေါက်ကျတယ်
တကိုယ်ကောင်းဆန်တဲ့မျှော်လင့်ချက်တွေနဲ့ အသက်ရှင်ရတာကြာတော့
လောကကြီးကိုပျင်းရိငြီးငွေ့ ခြင်းတွေဖုံးလွမ်းနေသယောင်ယောင်ထင်မိပြန်တယ်
အစမပါတဲ့စက်ဝိုင်းထဲမှာအဆုံးရောက်အောင်သွားဖို့ ကိုယ့်ရိက္ခာကိုယ်စု
ဘယ်သူမပြုမိမိမှုဆိုတဲ့ခေါင်းစဉ်ကြီးက ကပျက်ယပျက်နိုင်လွန်းတယ်
အမြုပ်တစီစီထနေတဲ့ ချဉ်ခြင်းတက်မှုတွေနဲ့ မီးခဲပြာဖုံးတပ်မက်မှုတွေကြားမှာ
ဗျာများနေရတဲ့ဘ၀တွေကိုဘယ်သကောင့်သားကမှဒုက္ခအသစ်နဲ့ အဟောင်း
ပြောင်းလဲဖို့ စိတ်ဝင်စားကြမယ်မထင်ဘူး။လောကကြီးကိုချောင်းကြည့်လိုက်စမ်းပါ
"လူတော်တော်များများဟာနဂိုအတိုင်းပြန်သွားရလိမ့်မယ်။"
သက္ကရာဇ်တွေကျော်လွှားဖို့ ရထားစီးလက်မှတ်ကိုခပ်တင်းတင်းဆုတ်
ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ တခရီးထဲသွားရမယ့်ခရီးဖော်တွေကို
မာန်စွယ်တွေဖွေးဆွတ်နေအောင်ဖြဲပြခြင်း မျက်လုံးကလေးဝင့်၍ကြည့်ရှုခြင်း
ဣဿာမစ္ဈရိယပွားများခြင်းခနိုးခနဲ့ အပြုံးတို့ ဖြင့်ပြီတီတီရယ်ကျဲကျဲအကျင့်စရိုက်တို့ ကို
အခါအားလျှော်စွာပြုမူလို့ နောင်သံသရာဝဲသြဃဘုံထဲခပ်ပျော်ပျော်ပဲခရီးနှင်အုံးမယ်
မိုးသူ(တောင်ကြီး)
06 June 2013 / Thursday
07:50/PM
No comments:
Post a Comment