အထင်နဲ့ အတွေးဟာလက်တွေ့ မဟုတ်တာမျက်မြင်ကိုယ်တွေ့ 
နောက်ကျိနေတဲ့စိတ်ရိုင်းတွေဟာ
ပြဿဒါးနေ့ တွေသုတ်လိမ်းလို့ 
ငါရင်အုံထဲကိုမှတည့်တည့်ကြီးထိုးစိုက်ကြတယ်
အိုး...ဟိုး...ရိုးလိုက်တဲ့ဖြစ်ခြင်း
ဒီနေ့ မနက်ခင်းကတည်းက
အစိမ်းရောင်မျက်မှန်ထူထူကြီးတပ်လို့ 
မြင်မြင်သမျှကိုအရောင်တွေလိုက်ချယ်နေမိတယ်
ပုံတိုပတ်စဖြစ်ဖြစ်သွားတတ်တဲ့ နာရီတွေ
ဘ၀နဲ့ သက်ဆိုင်တဲ့စာစီချိန်မှာ
ခဏလေးရပ်တန့် ထားလိုက်ချင်တယ်
အထိုက်လျှောက်အမှားဆိုတာဖြစ်သင့်ပါရဲ့
အပြစ်သင့်တဲ့စိတ်အနာတရတွေနဲ့ 
မကြာခဏဆိုသလိုအိမ့်မက်ဟာမှေးမှိန်နေတယ်
အရေထူထူခြုံထားတဲ့သည်းခံခြင်းတွေဟာ
အနာပေါ်ဒုတ်ကျတဲ့အခါယုတ်စွအဆုံး
မဟုတ်မဟတွေဖွာလန်ကျဲလို့ 
အသိတရားဟာနောက်ကောက်ကျလွန်းခဲ့ရတယ်
ဒေါမနဿဟာအထူးတန်းကအမြန်ယာဉ်စီးလို့ 
နောက်ကြောင်းတောင်လှည့်မကြည့်မိပဲ
ထားလိုက်ပါတော့.....
ဟောကြည့်.....
ထားလိုက်ပါဆိုတာ ထားခိုင်းလိုက်တာမှမဟုတ်တာ
အမှားတွေရဲ့ အဓိပ္ပါယ်အနောက်မှာသွားခိုင်းလိုက်တယ်ဆိုတာ
ယိမ်းယိုင်သွားတဲ့အသိစိတ်ဟာ
အမြီးပြတ်အိမ်မြှောင်လိုတွန့် လိမ်ကွေးကောက်လို့ 
အရေးမပါတဲ့ထင်မြင်ချက်ဟာ
သိမ်ငယ်နေတဲ့နှလုံးအိမ်ကိုမှဖိနင်းရက်တယ်
ဆေးစားမှားသွားခဲ့လေသလားကွယ်
ဘေးများခဲ့တဲ့မျှော်လင့်မှုတွေဟာ
မရဲတရဲငေးငိုင်လို့ အေးစက်တယ်
တွေးရက်တယ် မေးရက်တယ်
ဆေးစက်ကျရာမှာဘာအရုပ်မှမထင်ရှားခဲ့ပါဘူး
အရာရာဟာမှုန်မှိုင်းလို့ 
လန်းဆန်းခြင်းဟာဇောက်ထိုး
ဘယ်လောက်ပဲရိုးသားတယ်ပြောပြော
ဒဏ်ရာရခဲ့ဖူးတဲ့ အနာရွတ်ဟောင်းဟာ
တွေ့ လိုက်မိတဲ့အခါတိုင်းမှာစိတ်ဘ၀င်ကို
အကွပ်မပါတဲ့ တောင်းတလုံးလို
အနားသပ်မရှိတဲ့ပင်လယ်ပြင်လို
အထင်ရယ်အမြင်ရယ်ဟာ
ဂျွမ်း....ထိုး....မှောက်....ခုံ...ဖြစ်နေခဲ့လို့ 
မိုးသူ(တောင်ကြီး)
19 March 2013/Tuesday
06:16/PM
No comments:
Post a Comment