လောက၏မှော်အတတ်တို့ ဖြင့်ဖန်ဆင်းခြင်းခံခဲ့ရသောကဗျာတပုဒ်


မနက်ကတည်းကမေ့လျော့ထားတဲ့ 
သင်္ခါရတရားကို အကြောင်းပြုလို့ 
ဖြူရော်ရော်အတ္တတွေရဲ့ အတွင်းသန္တာန်မှာ
တနေကုန်လောဘရုပ်လုံးတွေထွင်းထုကြတယ်
မနာလိုမှုတွေဆူဝေနေတဲ့ဒေါမနဿအခိုးအငွေ့ တွေနဲ့ 
တဦးကိုတဦးရစရာမရှိအောင်ညစ်ပုတ်ကပ်ကျယ်ကျကြတယ် ။

တဖြောင်းဖြောင်းတီးလိုက်တဲ့လက်ခုပ်သြဘာသံတွေရဲ့ 
ကျောသပ်မှုဒဏ်ကိုမခံမရပ်နိုင်ဖြစ်နေကြတဲ့သူတွေ
တဘုန်းဘုန်းပစ်ချလိုက်တဲ့ လောကဓံရဲ့ 
ခပ်နာနာရိုက်ချက်တွေကိုသာယာရစ်မူးနေတဲ့သူတွေ
ပေစုတ်စုတ်တဏှာတွေရဲ့ ဂျောက်တွန်းခြင်းတွေကို
နေ့ စဉ်ရက်ဆက်သနားစဖွယ်ခံနေရရှာတယ် ။

ဓါးအိမ်ဟောင်းထဲမှာနေရတာငြီးငွေ့ လာတဲ့ဓါးတစင်းလို
ကိုယ့်ကိုကိုယ်လဲသံချေးတက်စေချင်ခဲ့တယ်
လရောင်တွေတောင်မောကုန်ပြီတဲ့လေ
အလင်းတန်းတွေကိုအပန်းရောင်စွက်လို့ 
ငါ့အနားမှာတစိတ်လောက်တောက်ပပေးပါ
ဗီးနပ်(စ)ရေ....နင့်ကိုကျေးဇူးတင်စမ်းပါရစေ ။

ကွေးညွှတ်နေတဲ့ကိုင်းပင်တွေကြားထဲကဆည်းဆာဟာ
ငါ့ကိုငါမှန်းမသိအောင်ဖုံးကွယ်ထားရက်တယ်
ပယင်းရောင်တွေတဖိတ်ဖိတ်လက်နေတဲ့
ဗျစ်ရည်ခွက်ထဲကနှလုံးသားဟာ
ခပ်မှိန်မှိန်ဂီတတွေထဲမှာနစ်မြုပ်ရင်း
အသိစိတ်တို့ ကင်းမဲ့စွာထုံကျင်နေခဲ့တယ် ။

ပုံပြင်တွေဟာလူတွေရဲ့ ပါးစပ်ဖျားမှာ
မှိုပေါက်သလိုအလေ့ကျပေါက်တယ်
ပျားရည်နဲ့ တွဲဖက်ထားတဲ့စကားလုံးတွေဟာ
အနတ္တစင်္ကြာဝဋ္ဌာတခုလုံးကို
အမှုန်အမွှားလေးတွေအဖြစ်
အသွင်းပြောင်းဖို့ ကြိုးစားကြတယ် ။

တကယ်ပါ ...ခပ်မှိုင်းမှိုင်းညနေခင်းတွေကို
တယောက်ထဲလဲမဖြတ်သန်းရဲတော့ဘူး
ကြယ်စင်တို့ မှုတ်ထုတ်လိုက်တဲ့သက်ပြင်းတွေနဲ့ အတူ
မပီဝိုးတ၀ါးအိမ်မက်တို့ ဟာ
ပန်းရနံ့ တွေနဲ့ ခမ်းနားလို့ 
အကျဉ်းတန်ညတွေကိုသန့် စင်စေခဲ့တယ် ။

အိမ်ပြန်ချိန်တိုင်းမြင်ရတဲ့
နီယွန်မီးရောင်တွေနဲ့ အတူ
ညဥ့်ငှက်တို့ ရဲ့ ပျံသန်းမှုတောင်ပံခပ်သံတွေ
ခပ်ဝေးဝေးကမပီမသရထားခုတ်မောင်းသံတွေ
ရစ်မူးရီဝေနေတဲ့ Goodnight ဆိုတဲ့နှုတ်ဆက်သံတွေ
အိတ်ကပ်ထဲကခပ်သွက်သွက်လေး
ခုန်ချသွားတဲ့အသပြာတို့ ရဲ့ ခြေသံတွေ
အပြာရောင်အိန်ဂျယ်မလေးတွေရဲ့ ဈေးစကားပြောသံတွေ
အမြုပ်တစီစီနဲ့ တဖောင်းဖောင်းပေါက်နေတဲ့
ဘီယာခွက်ချင်းတိုက်သံတွေ
အဲသလို...သံစဉ်တွေနဲ့ရောစပ်သွားရင်
ငါဟာတကယ်ဘဲ......
ဘာကိုမှသတိမရချင်တော့ဘူး ။

ငါဟာတဏှာတွေထူထပ်လွန်းတဲ့ပိတုန်းတကောင်ဆိုရင်
ဗီးနပ်(စ)ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို
အလွတ်ရအောင်ကျက်မှတ်ထားပါ့မယ်
မျက်ထောက်နီနီနဲ့ အကြည့်တခုဟာ
တယောတလက်ရဲ့ ရာဇ၀င်ကိုရိုင်းစိုင်းသွားစမ်းပါစေ
ငါ့သီချင်းငါပြီးအောင်ဆက်ရေးမယ်

လာကြစမ်းဟေ့...
အားလုံးကိုခပ်တိုးတိုးလေးပြောပြမယ် ။
ဘယ်လိုပဲဖြစ်နေဖြစ်နေ
ဂလန့် မထိုးထားတဲ့အိမ်မက်တွေထဲမှာ
မှော်ဆရာဟာဖီးနစ်(စ)ငှက်အသွင်သဏ္ဍာန်နဲ့ 
သူ့ ကိုသူအသက်ပြန်သွင်းရှာသတဲ့
ဖုတ်သွင်းရထား ငါ့အိမ်ရှေ့ သာစိုက်ကပ်ပါစေ
နေ့ နဲ့ ညရဲ့ လှည့်လည်အားကိုရင်ဆိုင်လို့ 
လောကရဲ့ ဖြစ်ခြင်းပျက်ခြင်းတို့ ကိုမေ့လျော့ထားပြီး
...............
..........................
...............................
ဒီကဗျာရေးနေတုန်းမှာပဲ
ငြိမ်းချမ်းရေး ခိုငှက်တအုပ်ဟာ
ဗြုန်းခနဲ....တဟုန်ထိုးထပျံလို့ သွားခဲ့ ။    ။

မိုးသူ(တောင်ကြီး)

27August 2012/Monday
12:47/PM

7 comments:

အိမ်မက်ကောင်းကင် said...

ကဗျာလေးကို ဖတ်ရင်းရင်မောလိုက်တာ
စာသားတွေကလည်း ကောင်းလှပါလား
ကဗျာလေးတစ်ပုဒ်ကိုခံစားသွားတယ်နော်
နောက်လည်းသည်ထပ်မကရေးနိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

တတိယမြောက်သမီးတော် said...

မှော်ဆရာကို ခေါ်ပေးပါ ဒီမှာလည်း အသက်ပြန်သွင်းချင်တဲ့သူ
ရှိနေတယ်လို့

စံပယ်ချို said...

မနက်ကတည်းကမေ့လျော့ထားတဲ့ 
သင်္ခါရတရားကို အကြောင်းပြုလို့ 
ဖြူရော်ရော်အတ္တတွေရဲ့ အတွင်းသန္တာန်မှာ
တနေကုန်လောဘရုပ်လုံးတွေထွင်းထုကြတယ်
မနာလိုမှုတွေဆူဝေနေတဲ့ဒေါမနဿအခိုးအငွေ့ တွေနဲ့ 
တဦးကိုတဦးရစရာမရှိအောင်ညစ်ပုတ်ကပ်ကျယ်ကျကြတယ်------

ဟုတ်တာတွေများနေပြီးမိုးသူရေ

လွင်ပြင်လှိုင်းငယ် said...

ကဗျာရှည်ရှည်လေး အားရပါးရခံစားသွားပါတယ် ။

မိုးနတ်ကြယ်စင် said...

၃...၄ခေါက်လောက်ပြန်ဖတ်ရတယ်..မိုးသူ...
မိုးနတ်ကို မလှောင်နဲ့အုံး...ကဗျာက အရှည်ကြီးဆိုတော့လေ...ပြီးတော့
မိုးသူရဲ့ စကားလုံးတွေနဲ့ မိုးသူ ..ကဗျာက ဘာကိုဆိုလိုချင်တယ်ဆိုတာ...
သဘောပေါက်အောင် အတော်လေးကြိုးစားလိုက်ရတယ်...နောက်တော့မှ
ဒီအတိုင်းလေးပဲပေါ့ပေါ့ပါးပါး ဖတ်လိုက်တာကောင်းပါတယ်လို့ အတွေးရမိတယ်
အမှန်တကယ်ဆို.မိုးနတ်က ကဗျာအရှည်ကြီးတွေဖတ်ရတာ ၀ါသနာမပါဘူး
ဒါပေမဲ့ မိုးသူကဗျာအရှည်ကြီးကိုတော့ စိတ်ပါလက်ပါခံစားအားပေးသွားတယ်နော်...
ဘာပဲဖြစ်ဖြစ် အားပေးနေတယ်နော် မိုး..
ခင်မင်နေတဲ့..မိုးနတ်

မြတ်နိုးသူ said...

ပုံပြင်တွေဟာလူတွေရဲ့ ပါးစပ်ဖျားမှာ
မှိုပေါက်သလိုအလေ့ကျပေါက်တယ်
ပျားရည်နဲ့ တွဲဖက်ထားတဲ့စကားလုံးတွေဟာ
အနတ္တစင်္ကြာဝဋ္ဌာတခုလုံးကို
အမှုန်အမွှားလေးတွေအဖြစ်
အသွင်းပြောင်းဖို့ ကြိုးစားကြတယ်
ဖတ်လို့အရမ်းကောင်းတာပဲအားပေးသွားပါတယ်

ချစ်စံအိမ် said...

မိုးသူရေ ကဗျာတွေအတော်ရေးနိုင်တာပဲနော်
အားကျပါပေတယ်ကွယ်..ရေးတတ်ချင်လိုက်တာ..

Post a Comment