╰☆╮╰☆╮╰☆╮ တိဟိတ် ╰☆╮╰☆╮╰☆╮
အဲသလိုနဲ့ စကားလုံးတွေဟာ
လမ်းမထက်မှာပြန့် ကားသွားတယ်
မြေပြင်ကိုကျောခင်းလို့ အညောင်းဆန့် 
လမ်းလျှောက်တတ်ခါစ
ပုထုစဉ်လူသားတဦးရဲ့ စိတ်ထဲကိုဝင်ကြည့်ရင်း
ကြောင်းတရားမရှိတဲ့ အကျိုးကိုမျှော်လင့်လို့ 
ခပ်ရင့်ရင့် သမာဓိတို့ ဟာချွတ်ခြုံကျရပြန်တယ်
သြော် ...ဘ၀ .... ဘ၀ ...ဘဝ
နောင်တ,တွေတလှေကြီးနဲ့ 
လှေကြီးထိုးရိုးရိုးလဲမဟုတ်ပြန်ဘူး ။
ဣစ္ဆာသယဖိုမောက်တဲ့ဘ၀မဟုတ်လေတော့
သင့်တင့်မျှတမှုတွေတိတ်ဆိတ်တဲ့ လောကဓံ ရဲ့ 
မျက်စောင်းခဲတာတော့ခံပေလျော့ပေါ့ကွယ်
ပွဲပြီးလို့ များပတ်စာခွာရင်
အကျွတ်တရားတွေအောင်ဖြာလိပ်လို့ 
သမာဒိဋ္ဌိတို့ နဲ့ စကားစမြည်ပြောကြမယ်
လန်းတယ်/ခံစားလို့ ရတယ်ဆိုရင်အကြောင်းပြန်ပေါ့ ။
ဒီနေရာမှာတခုပြောဖို့ လိုကိုလိုတယ်
လူရှေ့ သူရှေ့ မှာရင်ကော့ပြတတ်တဲ့ အရူးတွေအကြောင်းပေါ့
ခေါင်းစဉ်နဲ့ အောက်ပါအကြောင်းအရာတွေ
ကွဲလွဲနေမှန်းပြန်ငုံ့ မကြည့်တတ်ကြဘူးလေ
သြော်....ဟုတ်လား....အင်း..ဟုတ်ကောင်းဟုတ်နိုင်တယ်
ပစ်စလက်ခပ်အလွဲသုံးစားလုပ်မှု ပုဒ်မ (ဖိုးတွမ်တီ)
ဒါမှမဟုတ် အကျင့်စာရိတ္တကိုပြုကျင့်တဲ့မှုဒိန်းမှု
တခုခုဖြစ်ကြောင်းသက်သေခံလိုက်မယ်
လက်ညိုးငေါက်ငေါက်ထိုးပြီးအော်သာရယ်(ရီ)ပလိုက်တော့တယ် ။
တခါတလေ
စိတ်ဓါတ်ခွန်အားတွေဒုန်ဒုန်းချလို့ မြင်ကွင်းတချို့ ကိုချဲ့ ကြည့်တယ်
ကိုယ်,ကိုယ်တိုင်သေးသေးလေးဖြစ်သွားပြန်တယ်
အဲဒီလိုနဲ့ သိမ်ငယ်စိတ်တွေကိုအသေအချာမွေးမြူလို့ 
အနှောင့်အသွားမလွတ်တဲ့စကားလုံးတွေနဲ့ 
မြင်သမျှအကုန်လိုက်တိုက်ခိုက်ရတာရိုးအီလာတယ်
တပ်အပ်တော့သိပါတယ် ဒါပေမယ့်ပြောမထွက်ဘူး
ဇိမ်ကျကျအတွေးတွေလိုက်လံဖမ်းဆုတ်ရင်း
လွတ်လွတ်ထွက်သွားတဲ့ပစ္စုပ္ပန်လမ်းကြောင်းမှာ
အမြဲလိုလို လူမိုက်လုပ်ရတာသိပ်တန်တယ်
ကြမ်းတမ်းတဲ့ဆဲရေးတိုင်းထွာမှုတွေကို
နေ့ ဖို့ ညစာတောင်မချန်နိုင်ပဲအကုန်ကိုစားသုံး
အဲဒီကစ လူဖြစ်ရှုံးတော့တာသတိကိုမထားမိဘူးထင်ပါရဲ့ ။
ဟော....ကြည့်ပါလား
နှလုံးအိမ်တံခါးတို့ ၌စောင့်ကြပ်နေကြကုန်သော
သိက္ခာတရားတို့ လူမသိသူမသိမွဲပြာကျရပြန်ပြီ ....
ဒီနေ့ ဒါမှမဟုတ် မနက်ဖန်
ဘယ်လိုအဓိပ္ပါယ်တွေယူဆသလဲတော့မသိပေါင်
ကော်ဖီတခွက်တောင်ငုံ့ သောက်ဖို့ မအားသေးလို့ 
ဧည့်ခန်းထဲကများပြန်ထွက်သွားခဲ့ရရင်
သယ်ရွက်ထမ်းပိုးထားသမျှ
အလေးအပင်တွေအကုန်ချွတ်ချထားခဲ့ရမှာပါတကား။   ။
မိုးသူ(တောင်ကြီး)
25 July 2012 /Wednesday
02:30/PM
5 comments:
စံပယ်ချို said...
မိုးသူရေ
ဘ၀တွေအားလုံးဟာ---
(..ဘ၀ .... ဘ၀ ...ဘဝ
နောင်တ,တွေတလှေကြီးနဲ့ )
ဒုက္ခတွေကတော့ အတောကိုမသတ်နိုင်အောင်ပါပဲ
( နှလုံးအိမ်တံခါးတို့ ၌စောင့်ကြပ်နေကြကုန်သော
သိက္ခာတရားတို့ လူမသိသူမသိမွဲပြာကျရပြန်ပြီ)
ဒါလဲ ဟုတ်ပြန်တာပဲ
ချစ်စံအိမ် said...
ဆရာတော်တော်ရေးနိုင်တာပဲ အားကျပါပေတယ်..
လွင်ပြင်လှိုင်းငယ် said...
တခါတလေ
စိတ်ဓါတ်ခွန်အားတွေဒုန်ဒုန်းချလို့ မြင်ကွင်းတချို့ ကိုချဲ့ ကြည့်တယ်
ကိုယ်,ကိုယ်တိုင်သေးသေးလေးဖြစ်သွားပြန်တယ်
အဲဒီလိုနဲ့ သိမ်ငယ်စိတ်တွေကိုအသေအချာမွေးမြူလို့ 
အနှောင့်အသွားမလွတ်တဲ့စကားလုံးတွေနဲ့ 
မြင်သမျှအကုန်လိုက်တိုက်ခိုက်ရတာရိုးအီလာတယ်
တပ်အပ်တော့သိပါတယ် ဒါပေမယ့်ပြောမထွက်ဘူး
အမေ မွေးရကျိုးမနပ်တဲ့ ငနဲ......ငါကိုင်တုတ်ဆဲလိုက်ချင်ပါရဲ့ ။
ဒီကဗျာလေးတော်တော်ကောင်းတယ်
အိမ်မက်ကောင်းကင် said...
ဟာ ကောင်းလိုက်တဲ့စာသားတွေ ♥_♥
ကဗျာလေးကိုအားပေးသွားတယ်နော်
နောက်လည်းရောက်လာဦးမှာပါ
အလွမ်းမြို့ said...
မိုးသူရေ။။
ခုလည်း ၃ ခါဖတ်တယ်။ အလွတ်ရဖို့ မဟုတ်ဘူး။
နားလည်ယုံလေးပါ။ မိလွမ်းကတော့ ထုံထှာ။
အားပေးသွားတယ်။
ရေးတတ်လို့လည်း ချီးကျူးသွားတယ်။
ခင်တဲ့
အလွမ်း
Post a Comment