ချစ်သူဆီသို့ အချစ်နတ်သမီး၏ တမန်တော်များစေလွှတ်ခြင်း


ဝံပုလွေတကောင်ရဲ့ စရိုက်မျိုးနဲ့ သတိရခြင်းတွေ
ရင်ဘတ်ထဲမှာဒရစပ်စိုးမိုးနေတယ်
အလွမ်းတွေခဏခဏမြေမြိုပါစေ...
အသုံးပြုလို့ မရတော့တဲ့ မျှော်လင့်ခြင်းနဲ့ 
ပင်လယ်ပြင်မှာရေဆာသလိုမျိုး
ငါ့ကိုယ်ငါမုန်းတီးမိတယ် ။

သာမာန်ထက်ပိုတဲ့ခံစားမှု နဲ့ 
ငါ့ကိုယ်ခန္ဓာကို....ငါဟာဒိုးယိုပေါက်မြင်နေခဲ့ရပြီ
နင့်ရဲ့ ပျော်ရွှင်မှုတွေအတွက်
အစစ်အမှန်မဟုတ်တဲ့
ငါ့ရဲ့ စကားလုံးချိုချိုတွေကိုထုတ်မသုံးချင်ဘူး ။

နင့်အိမ်ရှေ့ ဗာဒံပင်က
အရွက်တွေကြွေနေတာမြင်ပြီး
မဆီမဆိုင်ငါ ၀မ်းနည်းခဲ့ဖူးသေးတယ် ။
ရံဖန်ရံခါ...
နင်များမုန်းမေ့သွားမလားဆိုတဲ့သောကတွေဟာ
ငါ့အတွေးထဲကိုအလှည့်ကျစနစ်နဲ့  ဖွဲမီးစတွေလို
တအုံနွေးနွေးတောက်လောင်နေခဲ့တယ် ။

ငါ့ရဲ့ ညတွေကိုငါဟာအဋ္ဌာရသ(၁၈)ရပ်
မသင်ကြားဖူးခဲ့တဲ့ကြယ်ဖျင်းတွေနဲ့ တည်ဆောက်တယ်
ဒါပေမယ့် ညရဲ့ လဟာ သူတို့ တွေကို
ဘယ်တုန်းကမှဝင်တိုမှုတွေမဖြစ်ပေါ်ဘူး
အဲဒီအတွက်
ငါ့ညတွေမှော်ဝင်လေတိုင်း
ငါလေ နင့်နှုတ်ခမ်းကို
ချဉ်ချဉ်းတက်မှုတွေဖြစ်ပေါ်တယ် ။

ဥပမာ နင်ဟာငါ့ရဲ့ နံရိုးတချောင်းဖြစ်ခဲ့ရင်
နင်ငါ့ကို ရက်စက်မဲ့အပြုမူတွေကျင့်ကြံမှာလား
ခက်တာက....ငါကလဲငါပဲ (မှတ်သည်းခြေနဲလွန်းလို့ )
နင့်ကို ဥပမာတွေနဲ့ ကိုင်ကိုင်ပေါက်နေရတာ
တခါတလေများ ရှက်တောင်ရှက်တယ် ။

အိမ်မက်ခြောက်တွေနဲ့ အိပ်ယာကနိုးထတိုင်း
ငါ့ရဲ့ မနက်ခင်းတွေဟာ အလိုလိုနေရင်း
ပေါက်ပန်းလေးဆယ်တွေဖြစ်တတ်လွန်းလို့ 
အဲဒီလိုနေ့ မျိုးမှာ
ကော်ဖီခွက်ထဲယင်ကောင်ကျသေတဲ့အထိ
ငေးငေးမောမောဖြစ်နေတတ်တယ် ။

ငါလဲ မေ့ဆေးပြယ်ချင်ပြီ ချစ်သူရယ်
နင်လဲ ငါ့အကြောင်းကိုအပ်ကျတာကအစသိနေတာပဲ
နင်ကျေနပ်အောင်ငါတိတ်တိတ်ကလေးနေပါ့မယ်
ကြိတ်ကြိတ်ဆွေးနေရတဲ့ကာလအပိုင်းအခြားမှာ
ခုတ်မောင်းသံဆူညံ့နေတဲ့အချစ်တွေ
သံချေးရောင်ထနေတဲ့ အလွမ်းတွေ
သမုဒယစစ်ပွဲမှာထုပ်မသုံးဖြစ်ခဲ့တဲ့ကြင်နာခြင်းတွေ
နံရံခြားခံထားရတဲ့သံယောဇဉ်တွေကိုပေးအပ်ဖို့ 
အချစ်နတ်သမီးရဲ့ တမန်တော်တွေ
နင့်ဆီကိုစေလွှတ်လိုက်ပြီ ။

မိုးသူ(တောင်ကြီး)
25 June 2012 /Monday
11:58/AM

5 comments:

စံပယ်ချို said...

မိုးသူရေ
တကယ်ပဲ အလွမ်းတွေက သံချေးရောင်ထနေတာလား

3rdthameetaw said...

မြန်မြန်ရောက်ပါစေ တော်..

ကိုရင် said...

မေ့ဆေး မြန်မြန်ပြယ်ပါစေညီလေး..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ပင်လယ်ပြင်မှာ ရေဆာသလို ..
နင့်ကို ဥပမာတွေနဲ့ ကိုင်ကိုင်ပေါက်နေရတာ ..
း) သဘောကျမိတယ်။

ခင်လျက်
မြတ်

Unknown said...

💛💙💙💜💔💓💚💙💜💔🌂💓💚💖❤💔💗❤💞🌂🎀👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍❤💜💙👆☝

Post a Comment