မြှုံး


အရှေ့ ဖက်ယွန်းယွန်းမှာနေရောင်ဖြာခဲ့ပြီ
ဒီနေ့ အတွက် မဟတ္တမဂန္ဓီကျင့်စဉ်ဟာ
ငါ့အပေါ်သက်ရောက်ပါစေ
မြက်မစားပါ ဥပုဉ်သီလယူထားပါသည်
လက်တင်ဘာသာစကားကိုဂဃနဏသိချင်ပါရဲ့ 

တစိမ်းဆန်တဲ့တိတ်ဆိတ်မှုတွေကြားမှာ
ပြိုးပြိုးပြက်ပြက်ရောင်စုံဝါဒတွေဟာ
ဆပ်ကော့လက်ကော့နဲ့ ဇိမ်မယ်တယောက်ရဲ့ 
တဏှာရာဂလိုတစ်ရစ်ဖုဖောင်းလို့ 
ထကြွသောင်းကျန်းနေတယ်

လူရိုသေရှင်ရိုသေဖြစ်အောင်
တစ္ဆေတကောင် ဘုရားကျောင်းတက်သလို
ဒဏ္ဍာရီတိမ်မဲတွေအောက်မှာ
မိုးသီးတွေတဖြုတ်ဖြုတ်ကြွေသတဲ့
တံခါးမှူးတွေဘယ်ရောက်နေလဲ
တွန်းဖွင့်လိုက်တိုင်းအရောင်မဲ့မဲ့နေလို့ ပေါ့

တနေ့ တာပီတိတွေအတွက်
ဘရိတ်ပေါက်လုဆဲဆဲ ကားကို
တရကြမ်းမောင်းထွက်လိုက်တယ်
အရပ်သုံးစကားမို့ ကဗျာတွေသန့် ရှင်းပါစေ
ကဗျာတွေကိုယ့်ကိုကိုယ်သတ်မသေနိုင်ပါ
ရေရှည်အမောခံနိုင်ဖို့ သက်လုံကောင်း၏

သစ်တော်သီးတလုံးဘယ်ဈေးလဲ
.........................
........ဈေးကြီးတယ်
သစ်တော့ပင်စိုက်ဖို့ မြေကြီးတူးစွနေပါတယ်
ဧပြီလရဲ့ ပထမဆုံးဘ၀မှာ
ချစ်သူတကိုက် ကိုက်ထားသောပန်းသီး
သွေးစုတ်ဖြူရော်လို့ နေတယ်
မြေပြင်မှာကြောခင်းကောင်းကင်ကိုခြေစုံကန်ရင်း
ကုတင်တလုံးရဲ့ တန်ဖိုးကိုဖြတ်ပါ

ကိုယ့်တာဝန်ကိုယ်ယူဖို့ 
ရွှေဘဟာဗိုလ်အောင်ဒင်ဖြစ်ခဲ့တာမဟုတ်ပါ
ဟောလီးဝုဒ်သမိုင်းဟာ
စတီဗင်ဟော့ကင်း-(Stephen Howking)ရဲ့ 
ရူပဗေဒဘာသာရပ်ထဲမှာအနားယူမလို့ တဲ့ 
ခင်ဗျားရဲ့ ချွေးစက်တွေ ရိုမင်တစ် မဆန်ခဲ့ပါဘူး (romantic)

တခါတလေ မေကဗျာဟာ ကဗျာမဆန်ဘူးဗျ
ခင်ဗျားသတိထား၍......
မေသက်ခိုင်ကိုအိမ်မက်ထဲမှာထည့်မက်လိုက်ပါ
တက်နင်းနေကျ ဖိနပ်တစုံရဲ့ အောက်မှာ
လိပ်ပြာတွေ ပြားပြားဝပ်နေချင်ပါတယ်

ကျေးဇူးပြုပြီး ကူညီပါရစေ
ပုစ္ဆာမဆန်တဲ့ ပစ္စုပ္ပန်ရေစီးကြောင်းမှာ
ဖော့ဖော့လေးမျောခွင့်ပေးပါ
ဖွဖွလေးပဲမုသာဝါဒတွေသုံးလိုက်ချင်ပါရဲ့ 
အလင်္ကာတွေချောမွေ့ ဖို့ အတွက်သာ

ဒီတခါတော့....
ခင်ဗျား.....ပျော်ရွှင်ပါစေ
ကောင်းသောနေ့ လေးတွေပိုင်ဆိုင်ပါစေ
တခစ်ခစ်ရီမောတတ်တဲ့
၁၈ နှစ်အရွယ်မိန်းမပျိုလေးကဲ့သို့ 
ပေါ့ပါးလွတ်လပ်မှုတွေရရှိပါစေ

အဖြူထည်ဆိုတာလက်ခံအရောင်ပါ
အိမ်ရှင်မဈေးပြန်နောက်ကျ၍
ဗိုက်ဟောင်းလောင်းဖြစ်လို့ နေပါတယ်
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားပါ
လက်ဝါးဖြန့် တောင်းသောလက်ကိုပုတ်မချပါနှင့်
နိုင်ငံတကာဆက်ဆံရေး အဓွန့် ရှည်တည်တံ့ပါစေ

ခေတ်ပြိုင်ကွန်ယက်စနစ်မှာ
တို့ နိုင်ငံဟာ...
ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ
အီသီယိုးပီးယား၊ ဂါဇာကမ်းမြောင်
အီရတ်၊ အာဖဂန်နစ္စတန်
သူတို့ တတွေ..ဂန္တ၀င်သီချင်းတွေမသီဖွဲ့ တတ်ဘူး

သာကီနွယ်ဝင်တွေဟာ သခင်မျိုး
အတ္တတွေဟာ ခိုးဆိုးလုယက်ကျသတဲ့ 
မျဉ်းတကြောင်းဟာစက်ဝိုင်းအသွင်ဟန်ဆောင်လို့ 
လောကကြီးကို မြူစားလိုက်တယ်
ဆင်တူမရှားလူပါးဝလိုက်သလိုထင်ပါရဲ့ 

ကျိမ်စာမပါတဲ့ မော်ကွန်းတွေရေးထိုးလိုက်ပါတယ်
နေ့ နဲ့ ည ၀ိဝါဒကွဲပြားတဲ့ ကိစ္စတွေနဲ့ မပတ်သက်ချင်ပါ
ဥပေက္ခာတွေကိုပုန်းရှောင်ရင်းမသိကျိုးနွံပြုပါရစေ
အဇ္ဇျတ္တတိုက်ပွဲတွေမှာ လက်နက်ခဲယမ်းမယူဆောင်လာပါနဲ့ 
တာဝန်အရစစ်ဆေးခြင်းကိုလက်ခံပါ
လမ်းပြောင်းပြန်မမောင်းရ
ရှေ့ ကိုက် (၁၀၀) တွင်အကွေ့ ရှိသည်

မိတ်ဆက်စာတွေမရေးရ
ရီးစားစာမှာအမှားမပါ ပါစေနဲ့ 
စာလုံးပေါင်းညီညာသပ်ရပ်ပါ
ပီပြင်စွာကုန်းရုန်းရှာဖွေပါ
မာဒင်္ဃထုံးနှလုံးမူပါ
ရှေးထုံးမပယ်ပါနဲ့ 
သပ်ရပ်ညီညာစွာစီတန်းပါ
လောကကြီးရဲ့ အလှတွေကိုဖျက်ဆီးပစ်ပါ

ထိတ်ထားလေးရဲ့ အပါးတော်မှာ
အိပ်ဖန်စောင့်ရာထူးတည်မြဲချင်ပါတယ်
ငိုက်မျဉ်းခြင်းတွေနဲ့  သံဝါသပြုလို့ 
အိပ်မှုန်စုံဝါးနဲ့ ကောင်းကင်ကြီးလှပနေတာသိပါတယ်
ဒါလေးပါပဲ
လောကဓမ္မတာတရား
လောကပါလတရား
တတ်မြောက်ခဲ့တဲ့ ပဉ္စလက်ဘာသာဗေဒတွေ
ခွက်ခွက်လန်အောင်လှောင်ပြောင်ကြသတဲ့
သန့် ရှင်းစင်ကြယ်သောစိတ်တွေနဲ့ အတူ
ဖရုသ၀ါစာဖြင့်သရဇ္ဈာယ်တာတွေနားမခံနိုင်တော့လို့ ပါ

လူဟာလူလိုနေဖို့ 
ဗီဇ..ဇစ်မြစ်.. မာန...သိက္ခာတွေကို
အင်စတော်လေးရှင်း(installation)လုပ်ဖို့ လိုအပ်တယ်
စိတ်သန္တန်မှာ ဗျည်းသရကွဲပြားနိုင်ပါစေ
အံဝှက်မပါတဲ့ စရိုက် ဂျီးညော်ကင်းရှင်းစေရန်သတိပြုပါ
ဘယ်သူမှဂရုမစိုက်တတ်တဲ့ 
လောကကြီးဟာမျက်စောင်းခဲပက်လက်လှန်လို့ 
....................................
......................
.................

မိုးသူ(တောင်ကြီး)
08April2012/Sunday
03:57/Pm

2 comments:

ချစ်စံအိမ် said...

ကဗျာလေးခံစားသွားပါတယ်..

စံပယ်ချို said...

လူဟာလူလိုနေဖို့ 
လူဟာလူလိုနေဖို့ 
လူဟာလူလိုနေဖို့ ------

Post a Comment