ပထမဆုံးဧပရယ်(သို့ ) မွေးနေ့ 



သြော်....ဒီနေ့ 
ဧပရယ်တရက်နေ့ 
မွေးနေ့ တဲ့ .......
အင်း....ငါ့မွေးနေ့ 
နွေးထွေးမယ့်သူမရှိ
ဖေးမမယ့်သူနထ္ထိ
ဝိရောဓိတွေကို
နံနက်ခင်းအလင်းစက်တို့ နဲ့ အတူ
လက်ထိုးအန်ပစ်လိုက်တယ်....

ငါ့ရဲ့ ရထားဟာ
ဒီနှစ်အတွက်
ဘူတာတခုကို
လွန်မြောက်ခဲ့ပြန်ပြီ
ထို့ အတူ ...
ခန္ဓာကိုယ်ဟာလဲ
မိုက်ရိုင်းစွာဘဲ
ရင့်ရော်ခြင်းတွေနဲ့ 
အပေါင်းအသင်းလုပ်
အရှုပ်ထုပ်တွေဟာ
တစတစထွားကျိုင်းလာတယ်

ငါ့မှာပိုင်ဆိုင်ထားတဲ့ 
အပေါစားအတွေးအခေါ်တွေကို
မိုင်ကုန်သာမောင်းနှင်ခဲ့ရတာ
ဘယ်သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်မှ
ချီးကျူးထောပနာမပြုခဲ့ပါဘူး
နိုင်ငံတနိုင်ငံ
မတည်ထောင်ခဲ့ဖူးလို့ ထင်ပါရဲ့ 

အဲဒါနဲ့ ....
ဖိနပ်တစုံပြောင်းစီးဖို့ 
အချိန်ရောက်ပြီလားလို့ 
စဉ်းစားကြည့်ပါသေးတယ်
နဂိုကတည်းကမှ
ဒင်္ဂါစေ့ဝိုင်းခဲ့တာကို
ဒီတိုင်းလေးပဲ ထားလိုက်ပါတော့
မိမွေးတိုင်းဖမွေးတိုင်းလေးပဲ ကောင်းပါရဲ့ 

အသစ်အဆန်းမဖြစ်တဲ့ဘ၀မှာ
ကိုယ့်ကိုယ်တိုင်သာညစ်နွမ်းပါရစေ
အိမ်မက်အပိုင်းအစတွေချုပ်ဝတ်ရင်း
တခါတလေစစ်ရှုံးခဲ့တဲ့သူကြီးလို
စိတ်ကူးယဉ်တတ်သေးတယ်
ဘ၀ရဲ့ ဇလဗေဒတွေ
နလန်ထူဖို့ အတွက်ပေါ့

မေမေ...
သားလေ......
ကောင်းကင်ကြီးကို
တနေ့ တကြိမ်လောက်တော့
မော့ကြည့်ချင်တယ်....

ငယ်ငယ်ကချော်လဲရင်
ဖုန်ခါဆွဲထူ ဖေးမကူတဲ့ 
ဖေဖေဆိုတာရှိတယ်
အခု....
အသက်ဆိုတဲ့ ကန့် သတ်နယ်မြေမှာ
ကိုယ့်ကိုကိုယ်အမဲလိုက်
မပေါင်းထိုက်တဲ့ 
အညစ်ကျေးတုံးကြီးဖြစ်နေခဲ့တယ်

ဖြစ်ကတတ်ဆန်းနိုင်လွန်းလှတဲ့
မှုန်ဝါးဝါးအတွေးတွေဟာ
နွေပြင်းပြင်းမှာမှစောင်ထူထူခြုံရင်း
မဖြစ်ညစ်ကျယ်ချွေးထုပ်
အရေးလုပ်မယ်ဆိုရင်တောင်
ကျသင့်တဲ့ ဘေလ်က (Bill)
ပေးဆောင်ပြီးသား
အမြတ်ခွန်ထက်များပြားနေခဲ့တယ်

တခါတရံ
သံပတ်တင်းလွန်းလှတဲ့ 
ကံကြမ္မာကိုငြီးငွေ့ တယ်
တခါတလေ
တံဆိပ်ကပ်ပြီးသား
လူ့ လောကကြီးကို စိတ်ပျက်တယ်

သံသရာကိုမုန်းတီးပါရစေ
အဖန်တရာရုန်းပြီးထားတဲ့
အပြုံးအရီအငိုတွေကြား
ပါးလျစွာနဲ့ ဆိုငြီး
သြော်....
ငါတောင်အသက်ကြီးနေပါရော့လား

မိုးသူ(တောင်ကြီး)
FiRsT ApRiL 2012/sUnDaY
01:07/pm
မိုးသူ(တောင်ကြီး)
 မွေးနေ့ အမှတ်တရ
ချစ်သော မေမေ နဲ့ 
ကွယ်လွန်သွားပြီးဖြစ်သော
ဖေဖေကို ဤကဗျာဖြင့်
ဂါရ၀ပြုပါသည်

4 comments:

စံပယ်ချို said...

မိုးသူရဲ့မွေးနေ့မှစ၍ဘ၀နဲ့ဆန္ဒတွေအမြဲ
တထပ်တည်းကျရောက်ပါစေ
ချစ်သောမေမေ နဲ့ နောင်နှစ်ပေါင်းများစွာ အတူတကွနေနိုင်ပါစေလို့
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ

ချစ်စံအိမ် said...

မိုးသူရေ မွေးနေ့မှပျော်ရွှင်ပါစေနော်

လွင်ပြင်လှိုင်းငယ် said...

မွေးနေ့ကဗျာလေးအားပေးသွားပါတယ် မွေးနေ့မှစ သက်ဆုံးတိုင်ပျော်ရွှင်ပါစေ

အလွမ်းမြို့ said...

အို...မွေးနေ့ကျော် တစ်ရက်မှရောက်ခဲ့တယ်။ ဘာဘဲဖြစ်ဖြစ် မွေးနေ့လေးမှ စ လိုရာဆန္ဒပြည့်ဝပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။


((((( ငယ်ငယ်ကချော်လဲရင်
ဖုန်ခါဆွဲထူ ဖေးမကူတဲ့ 
ဖေဖေဆိုတာရှိတယ်
အခု....
အသက်ဆိုတဲ့ ကန့် သတ်နယ်မြေမှာ
ကိုယ့်ကိုကိုယ်အမဲလိုက်
မပေါင်းထိုက်တဲ့ 
အညစ်ကျေးတုံးကြီးဖြစ်နေခဲ့တယ် )))) ကြိုက်တယ်။။


ခင်မင်စွာဖြင့်
အလွမ်းမြို့

Post a Comment