ခန့် မှန်းခြေနဲ့ မကိုက်ညီခဲ့ သော ဒဏ်ရာအနာတရများ



ဘ၀တလျှောက်လုံး
အမှားတွေနဲ့ ပျော်ဝင်လာသမျှ
ဒီတချက်လေးတော့ပြုပြင်ပါရစေ
တံခါးနှစ်ချပ်စိနေတဲ့အချိန်
ကြားမှာလေဟာနယ်မခံပါစေနဲ့ 
သေချာပါတယ်ကမ္ဘာကြီး
အချိန်မှန်လည်ပတ်နေတာပါ ။

တကယ်တတ်လို့ တော့
ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်
ဆုတ်ယုတ်ခဲ့တဲ့ ညနေခင်းတွေလဲ
သက်ပြင်းတွေနဲ့ ကိုယ်စီကိုယ်စီနဲ့ စီးမျော
မပြီးသေးသောအနာဂတ်မှာ
စာရေးစာဖတ်ဖို့ ပြင်ဆင်ရမဲ့ အချိန်
တဖြည်းဖြည်းနည်းလာတယ်ဆိုတာ
အသေအချာမသိလိုက်ခင်ကတည်းက
နှလုံးသားတခြမ်းဟာ
တစတစပြုန်းတီးလို့ လာခဲ့တယ် ။

တခါတလေများစုန်းပြူးတဲ့အသိုင်းဝိုင်းကြား
ခဏခဏ နားနားပြီးပြောနေခဲ့ရလို့ 
မောတာသာအဖတ်တင်ကျန်
ဂိမှာန်ရာသီဟာတဖြည်းဖြည်းနဲ့ 
ရင့်ကျက်လို့ လာခဲ့ ပြီလေ ။

လောင်မြိုက်ခြင်းအစွန်းအထင်းတွေနဲ့သာပေကျံ
လေဆန်ကိုခွင်းမဲ့ ဥသြငှက်တို့ ရဲ့ တေးသံချို
မေးရန်မလိုအောင် ပီသစွာနဲ့  ညီမျှနေခဲ့တယ်
တချက်တချက်မွေ့ လိုက်တဲ့ လေပွေတွေနဲ့ 
အနားကွပ်မရှိတဲ့ စိတ်ရိုင်းတွေကိုကျုံးသွင်း
ရုန်းရင်းဆန်ခပ်ဖြစ်နေတဲ့ မျှော်လင့်ချက်နဲ့ 
ရော်ရင့်ရွက်တွေဟာလဲ မျက်ရည်စတွေနဲ့ အတူ
တဖြုတ်ဖြုတ်ကြွေကျ မြေခခဲ့ပါတယ်  ။

ခွဲခြမ်းစိတ်ဖြာတတ်တဲ့
ပညာရပ်တွေပို့ ချပေးပါ
မစို့ မပို့ တွေးတတ်တဲ့အတွေး
ရေးရေးလေးသာဆွေး
ခပ်တိမ်တိမ်လေးသာလွမ်းချင်ပါရဲ့ 
နှောင်းမှသိလိုက်ရတဲ့လစ်လျူရှုမှုတွေသာ
တထမ်းတပိုး၊တပွေ့ တပိုက်နဲ့ 
အိပ်ငိုက်တတ်တဲ့ အသိတရားတွေကို
အတိအကျပွားများရင်း..ပစ္စက္ခအခြေအနေမှာ
မပြေလည်တဲ့နောင်တတွေနဲ့ ချယ်မှုန်း
ဒီတသက်လုံးအတွက်လည်စင်းလို့ ဒူးထောက်
ငါဟာ သူရူးတယောက်ပမာဖြစ်လို့ ပေါ့ ။   ။

မိုးသူ(တောင်ကြီး)
20March2012/Tuesday
2:31/PM











No comments:

Post a Comment