အပူရောင်အတွေးများနှင့်ဘ၀ရုပ်လုံး...


ပစ္စက္ခမှာရှိနေတဲ့ အသံလှိုင်းတွေကို

စိတ်ဝိဉာဉ်တွေနဲ့ ပါးစပ်ပိတ်ခိုင်းလိုက်တယ်

ဒီမှာ.... ဗျတ္တ....ငါဟာ..မင်းနဲ့ ခေတ်ပြိုင်မဟုတ်ခဲ့ဘူး

နှင်းဆီခူးမဲ့ လက် အဆူး စူးတော့ခံရဲရမှာပဲ...

သေနကဗျူဟာတွေလဲအရမ်းခေတ်နောက်ကျန်ခဲ့ပြီတဲ့

ရှေးပဝေသဏီကတည်းက အရိုးစွဲလာတဲ့အကျင့်

ပလေတိုတောင်ပြုပြင်ခွင့်မရခဲ့ဘူးလေ

ဒါဟာမျဉ်းဖြောင့်အတိုင်းသွားနေတဲ့ 

အလင်းတန်းကိုဆန့် ကျင်ရာရောက်တယ်

တကယ်လဲဘယ်သူမှသတိမမူမိလိုက်ဘူးထင်ပါရဲ့ 

အလင်းနှစ်ရဲ့ အလျင်နဲ့ ခွင်းလိုက်တဲ့ မြှား

ရင်ဘတ်ကြားမှာစူးစိုက်ခဲ့ပါသေးရဲ့ 

ရူးမိုက်မယ်လို့ ကြံရွယ်လိုက်တိုင်း

ငယ်ငယ်တုန်းက ကစားခဲ့ ဖူးတဲ့

နို့ ဆီခွက်နှစ်လုံးနဲ့ ကြိုးတမျှင်လေးကိုသတိရမိတယ်

ဂရေဟမ်ဘဲလ် ထိုင်ငိုလောက်တယ်နော်

သံယောဇဉ်ဆိုတဲ့ ဘာသာရပ်

သူတကယ်ပဲ မသင်ကြားခဲ့ရရှာဘူးထင်ပါရဲ့ ....

နယူတန်ရေ...အဲဒီနေ့ က ညတွေဟာ

ကမ္ဘာမြေဆွဲအားကိုဆန့် ကျင်လို့ 

အချိန်မတော်ကြီး လမ်းထလျှောက်ဖြစ်ခဲ့သေးတယ်

...တခါတလေ...

စင်္ကြာဝဠာကြီးကိုမနာလိုဘူး

သူ့ မှာကျတော့ပိုင်ဆိုင်မှုတွေများတယ်

သူ့ မှာကျတော့ မရှိချင်းတွေလဲများတယ်

သူ့ မှာကျတော့ အတ္တတွေမရှိဘူး

သူ့ မှာကျတော့ မာနတွေမရှိဘူး

သူမှာကျတော့ချစ်ခြင်းမုန်းခြင်းမရှိဘူး

မပြောကြပါနဲ့ နော် ...လုံးဝမပြောကျပါနဲ့ 

လောကကြီးအရင်အတိုင်းမဟုတ်ဘူးဆိုတာ

တကယ့်ကိုမသိတဲ့သူတွေက မသိမသာနေနေကြတယ်လေ

ဒုက္ခတွေကြောင်တောင်နှိုက်လိုက်တဲ့ ကိစ္စ

လောဘတွေလော်လီတဲ့ ကိစ္စ

ဒေါသတွေဖောက်ပြန်တဲ့ ကိစ္စ

မောဟတွေမျောက်မထားတဲ့ ကိစ္စ

ဘယ်လိုပုရိဿကမှ အဖေ အခေါ်မခံချင်ကြဘူးတဲ့လေ

လက်သည်မပေါ်ပဲ မွေးတဲ့ အပျော်တွေနဲ့ 

ဆိုးချင်တိုင်းဆိုး ရမ်းချင်တိုင်းရမ်း

ကိုယ့်မာနကိုယ်တောင်ကျေးဇူးကန်းသတဲ့

အဲဒီမာနတွေက ပဲ အတ္တတွေကို

အရေခွံချွတ် တံကျင်ထိုးလို့ 

အမျိုးမျိုးလဲနိုပ်စက်...ကားစင်တင်သတ်ပစ်သတဲ့လေ

အတွင်းအစ္ဈတ္တတွေပဲ မသန့် ရှင်းခဲ့မိလို့ လား

စိတ်ကျရောဂါတွေစုန်းထောက်စားတဲ့ အချိန်တုန်းက

ငါဆိုတာ..... ငါ့ဟာငါ...ဘာမှန်းမသိခဲ့ဘူးလေ

အခုလက်ရှိမှာတော့...အဲဒီအထာတွေအတွက်

ရေခဲရေတခွက်နဲ့ လဲသောက်ရဲခဲ့ပြီ

တန်းလာလာ မညှိမိပါစေနဲ့ 

ငါဘယ်သူ့ ကိုမှအလေးမပြုဘူး

အတွေးတခုခုအတွက်ဆိုရင်တော့

ဂယ်လီလီယိုကို ငါအားနာမိလိမ့်မယ်

ပုံကြီးသိပ်မချဲ့ ကြဖို့ ပြောလိုပါတယ်

ရိုးရိုးကျင့်မြင့်မြင့်ကြံဆိုတာ

မြန်မာစကားရောဟုတ်ရဲ့ လား

ဘယ်တုန်းက မှ လစာမရဖူးခဲ့တဲ့ စိတ်ကူး

ဒီထက်လဲပိုထူးမလာပါဘူးထင်ပါရဲ့ 

ငါဆိုတာလဲသေးငယ်လွန်းတဲ့သာမညပါ

ဘ၀ဟာညတိုက်ပွဲထင်ပြီး

မဲမဲမြင်ရာစွတ်ပစ်နေလို့ 

ကျည်သာလျော့သွားမယ်

ဒီတသက်မင်းတို့ ငါတို့ တတွေ

နလန်ရောထူနိုင်ပါတော့မလား

မိုးသူ(တောင်ကြီး)
27 january 2012/Friday
01:10/PM

3 comments:

ဘိုဖြူ said...

အဓိပ္ပါယိလေးနက်တဲ့ကဗျာလေးကိုဖတ်ခဲ့ပါတယ်

စံပယ်ချို said...

မိုးသူရေ
ကဗျာလေးက အရမ်းကောင်းတယ်

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းလေးဖတ်သွားပါတယ်

Post a Comment