လက်သည်းခွံလေး
အိပ်မက်ဆန်ဆန် ချစ်ခြင်းတွေအတွက် တဘ၀စာ အင်အားသုံးမိတဲ့
တရားလွန် ချစ်ခြင်းတရားတွေက
ပုံပြင်တစ်ခုလုံးရဲ့  သေမိန့်ကျ တစ်ဦးတည်းသော အပြစ်သားပါ ။
သူ့လက်နဲ့ သူ့အစ်ကြိုးကို တရားသေသဘောဖြင့်
ကျစ်သွားရှာတဲ့ ကောင်းကင်လေးရဲ့  ကောက်ရိုးတစ်မျှင်ပေါ့ ...။
ငရဲလောကမှာ စာခြောက်ရုပ်က လူတွေကိုပြန်ခြောက်တယ် ..။
နှလုံးသွေးတွေ တဒိန်းဒိန်းမြည်ဟီး သားကြောက်နေခဲ့တယ် .." မေမေ " ။
လူရိုင်းဟု သမုတ်ခံရသော မျိုးနွယ်စုတစ်စု အရှက်လုံရုံ ၀တ်စားဆင်ယဉ်
မီးပုံပွဲလုပ် ကခုန်ကြတာ သူတို့ယဉ်ကျေးမှုတစ်ခုပဲပေါ့ .. ဗျာ .. ။
ကျွန်တော် ယုံကြည်ခြင်း မယုံကြည်ခြင်း အရေခွံကို ဆွဲခွါချ
သမိုင်းကို အစပြန်ချီ ပုဂံခေတ်အရောက်
အမျိုးသမီးသုံး၊လေးယောက်ကို ကျောသားရင်သားမခွဲခြားဘဲ ချစ်ခဲ့တဲ့
သစ္စာရှင်ဆိုတဲ့ အချစ်သမားကြီးနဲ့ တည့်တည့်တိုးတယ် ။
မမျှော်လင့်ထားတဲ့ကြားက စကြာဝဠာကြီးတစ်ခုထဲ လွင့်ထုတ်ပြုတ်ကျ
အမှုန်အမွှားတစ်ခုပမာ .. ကျွန်တော် သေးသိမ်ကျုံ့ဝင်သွားတယ် ..။
တွန်းထိုးအား နဲ့ ဆွဲကုတ်အားကြား တဖျပ်ဖျပ်လွင့်ရင်း
လွတ်လပ်မှုတစ်ခု လင်းကနဲ မိုးအဖြစ်ရွာချတယ် ..။
ဒီရင်ဘတ်နဲ့တပွေ့စာ ရင်ခုန်သံတွေရဲ့တဖက်စာ
ကောင်မလေး သေးသေးလေး သူ့ကို ကျွန်တော် ချစ်မြတ်နိုးသည် ...။
ကျွန်တော် ရာဇ၀င်ထဲက သစ္စာရှင်မဟုတ်ပါ ..။
အနာဂတ်တွင်လည်း ကျောသားရင်သားခွဲခြားစွာဖြင့် သစ္စာရှင်မဆန်စွာဖြင့်
သူ့တစ်ယောက်သာ ချစ်မြတ်နိုးသွားမည် ။
ပုံပြင်လေးဆုံးတော့
ကျွန်တော့် ကောင်မလေးသေးသေးလေး နှစ်နှစ်ခြိုက်ခြိုက်နဲ့ ရီ(ရယ်)လေသည် ။
(c.choon)
ကဗျာပိုင်ရှင် facebook Naing Loon <<< link
Subscribe to:
Post Comments (Atom)
No comments:
Post a Comment