လေကြောင်းပြောင်းဘာသာဗေဒ...


ကဏ္ဍတခုဆီကွဲမယ်ဆိုရင်
အလွဲတွေရှိတဲ့ အတိတ်ကိုလှန်
အရိပ်တွေပြန်အောင်
စိတ်ထွေကာမှန်ထောင်ပြ
ရန်ဆောင်တတ်တဲ့ မာနက
တလွှာချင်းခွါချလို့ မရအောင်
ဆောင်ရန်ရှောင်ရန်မငြင်း
ပြောင်ပြောင်တင်းတင်းပဲ
ဝိညာဉ်တွေနဲ့ ရော
မျောချင်တိုင်းမျောနေလေရဲ့ ......

ဟော...ဟိုအဝေးမှာကြည့်လိုက်စမ်းပါအုံး
အတွေးတွေကို အမိအရလိုက်ဖမ်းရတဲ့ ဒုက္ခ
ရှုပ်ပွနေတဲ့ နံနက်ခင်းတွေနဲ့ အတူ
တရွေ့ ရွေ့ ခရီးနှင်နေကြသတဲ့ 
တကွေ့ ကွေ့ တော့ ကြုံအုံးမှာပါ
ဆုံတွေ့ ရတဲ့ တဒင်္ဂ
ဘ၀မှာစာချစရာမလိုလောက်အောင်
အပျိုမတစ်ယောက်ရဲ့ ခန္ဓာဗေဒလို
ကျော့ရှင်းသပ်ရပ်နေလေရဲ့ 

ဒီနေ့ .....
နက္ခတ်မိနေတယ်ထင်ရဲ့ 
ဂြိုလ်ဆိုးတွေပေါ်ခွစီး
ဘ၀မီးတောက်လဲငြိမ်းမလိုလိုနဲ့ 
တငွေ့ ငွေ့ လှိုက်လောင်
အမိုက်တွေ အမှောင်ဖုံး
သျှောင်ထုံးကဆံထုံးနောက်ပါ
ငါတော့ မရှုံးလောက်ပါဘူးနော်
ကဲ.......အပြုံးတွေလဲ
ဈေးဂေါင်းမကွဲလောက်သေးပါဘူး
အတွေးတွေရောင်းခဲ့ တဲ့ မျှော်လင့်ချက်
ရော်ရင့်ရွက်လို တဖြုတ်ဖြုတ်ကြွေ
လေကြောင်းပြောင်းတိုင်း
တနုံနုံ နဲ့ လေ နေခဲ့ ရတာပေါ့

အဲဒီလို....
ပုဒ်မတွေဘယ်သူကများ
ထုပ်ဖော်ခဲ့ တာလဲ ကွာ
ကော်ဖီတခွက်ရဲ့ သမိုင်းမှာ
အရိုင်းအစိုင်းဆိုတာမပါဘူး
ချော့ကလက်တတောင့်ရဲ့ ရာဇ၀င်မှာ
တထောင့်တညပုံပြင်တွေမပါဘူး
ပန်းသီးတလုံးရဲ့ အတ္တမှာ
ဖြတ်မရနိုင်တဲ့ သံယောဇဉ်မရှိဘူး
ကဗျာတပုဒ်ရဲ့ မျှော်လင့်ခြင်းမှာ
သိက္ခာတွေ ရင်းနှီးရတာများတယ်
ဒါဆိုရင်...ငါဘယ်တော့မှ
ကော်ဖီမသောက်ဘူး
ချော့ကလက်မကိုက်ဘူး
ပန်းသီးမကြိုက်ဘူး
ပန်းတစည်းနဲ့ကဗျာတပုဒ်ပေးချင်တယ်
ရမ်းဖြီးတတ်တဲ့ ဟောဒီ....ဂီတ
လောကကြီးဟာ မညီမျှခဲ့ဘူးလေ
အာခီမီးဒီး ထိုင်ငိုသွားမလား မသိဘူးနော်
အပိုင်ဆိုထားတဲ့ သူ့ ရဲ လော(Law)
ရင်ဘတ်ထဲမှာတော့.....
ပက်လက်မျောပြီးနေခဲ့ ပြီ
စောစီးစွာသိလိုက်ရတဲ့အချိန်
ရောပြီးချေမွလိုက်တဲ့ တိမ်ခဲတွေနဲ့ 
ဘ၀မျက်ဝန်းအိမ်မှာလဲ
မိုးမစဲခဲ့ ပါဘူးကွယ်........

မိုးသူ(တောင်ကြီး)
19 January 2012/Thursday
04:15/Pm

No comments:

Post a Comment