စိတ်ဥကိုဝပ်ကျင်းထဲကနိုက်ထုတ်၍အကောင်ဖောက်ကြည့်ခြင်း
အတ္တအကျဉ်းအကျယ်ကို
မိုက်မဲစွာဘဲကဗျာတပုဒ်နဲ့ တိုင်းတာကြည့်လိုက်တယ်
အဲဒီနေရာကထွက်ပြေးလွတ်မြောက်ဖို့ 
အလျင်နှုန်းဘယ်လောက်မြန်ဆန်ဖို့ လိုအပ်မလဲ
ဖောက်ခွဲနိုင်မှုပြင်းအားဟာရေစုန်မျောလို့ 
လေဆန်ကိုအတောင်ဖြန့် မယ့်အားအင်တို့ ဟာချိနဲ့ နဲ့ 
မျက်စိကိုစုံမှိတ်လို့ သေချာခြင်းတွေကိုဆွဲကိုင်ရင်း
အသေအချာပဲ ခေါက်ရိုးတွေအတိုင်းသိမ်းစည်းခဲ့ရပြီ
ချဉ်စူးစူးအိမ်မက်တွေထဲမှာပူလောင်ခြင်းတို့ မြူးကြွနေတယ်
လက်လှမ်းမမှီနိုင်တဲ့နေရာမှာတွဲလဲခိုစီးလို့ 
ကျုပ်တို့ တွေဘာများတတ်နိုင်အုံးမည်နည်း ????
သမိုင်းရေးနေခြင်းဟာ...ကလောင်သွားမလိုအပ်ဘူး
အဲသလိုပြောတော့ ........
ကိုယ်ကျင့်တရားတို့ ဟာကျုပ်ကိုပြုံးပြုံးကြီးစိုက်ကြည့်ကြတယ်
မနက်ဖန်ဆိုတဲ့ငနဲဟာကျုပ်တို့ ရှိနေတဲ့နေရာကို
ခုန်ပေါက်ပြေးလွှားလို့ ရောက်လာတော့မယ်
လောကဓံကိုတိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့
ကျောပိုးအိတ်ဟာမပေါ့မပါးလေးလံနေတယ်
ပျင်းရိပျင်းတွဲစိတ်နဲ့ ဇွဲရှိမှုဟာအံချော်နေတဲ့
ပုလင်းလွတ်နဲ့ အဖုံးတခု/ပြောင်းပြန်လည်နေတဲ့စက္ကန့် တံ
ငိုက်မြည်းခြင်းတို့ ကိုတိုင်းတာတဲ့ပေတံတချောင်းလိုနေတယ်
တည်ငြိမ်နေတဲ့ကန်ရေပြင်ပေါ်ဖြတ်တိုက်သွားတဲ့လေပြေညင်းဟာ
နောက်ပြန်လဲကျတော့မယ့်ကလေးငယ်တယောက်ရဲ့ ဟန်ပန်အမူအယာဟာ
ပုံရိပ်တွေထဲကစိုးရွံမှုပြယုဓ်တခုဒါမှမဟုတ် သင်ခန်းစာ/ဟန်ချက်
လက်တဆုံးနှိုက်ထားတဲ့ လောဘတွေနဲ့ လူသား
စားခွက်များလုမိရင်အစွယ်တွေတငေါငေါနဲ့ မာန်ဖီလို့ 
မီးပုံထဲယမ်းပစ်ထည့်လိုက်သလိုဒေါသမီးတွေတညီးညီး
အဲဒီလူတွေ တဟီးဟီးဖြစ်ဖို့ က ငါးမြှားချိတ်မှာအစာတပ်
ဘယ်သူလာဟတ်ဟတ်ကံကြမ္မာဆိုတဲ့
အာဏာပါးကွက်သားကတော့မညှာတာဘူးပေါ့
တခါတလေများ
ရေပေါ်မှာပေါ်နေတဲ့ဆီရဲ့ အဖြစ်အပျက်တို့ ကိုအားကျမိပါရဲ့
တံတွေးကွက်ထဲပက်လက်မျောတယ်ဆိုတာက
ဘယ်လိုဟာပါလိမ့် ????
ကျုပ်ဟာကန့် လန့် မမွေးဖွားခဲ့လို့ သာပေါ့
ဒါပေမယ့် ကန့် လန့် တိုက်ချင်တဲ့စရိုက်ဟာအပြည့်အဝ
အံကြိတ်ထားခြင်းဟာလောက၀င်္ကဘာအရိပ်ကိုခိုလှုံလို့ 
ဘ၀င်စိတ်ဥကိုဝပ်ကျင်းထဲကနိုက်ထုတ်လို့ အကောင်ဖောက်
ဘ၀တလျှောက်လုံးအဖြူပျက်အမည်းစက်တွေဖယ်ရှား
တကယ်ပါပဲမနားမနေကျိုးကုတ်အလုပ်တွေလုပ်ရင်း
သက်ပြင်းတွေဟာအုံလိုက်ကျင်းလိုက်နဲ့ 
လူ့ ဘောင် လူ့ စည်းကမ်းလှောင်ချိုင့်ထဲမှာ
နိစ္စဓူဝတွေဟာငြီးငွေ့ ခြင်းထဲမှာပျော်ဝင်နေတတ်နေခဲ့ပြီ
အလို.....အရေးထဲမှပဲ....
အဲဒီအဖြစ်အပျက်တွေကြားထဲမှာ
အူကြောင်ကြောင်..... ကျုပ်ဟာ.....
စမ်းတ၀ါးဝါးနဲ့ ပါဝင်ပတ်သက်မိနေတယ်
မိုးသူ(တောင်ကြီး)
16 December 2012/Sunday
4:02/PM
4 comments:
လွင်ပြင်လှိုင်းငယ် said...
တခါတလေများ
ရေပေါ်မှာပေါ်နေတဲ့ဆီရဲ့ အဖြစ်အပျက်တို့ ကိုအားကျမိပါရဲ့ 
လူတွေရဲ့ နှာခေါင်းက ရှုံ့ နိုင် ကြုံ့ နိုင်တာ သဘာဝမို့ ပါ
တံတွေးကွက်ထဲပက်လက်မျောတယ်ဆိုတာက
ဘယ်လိုဟာပါလိမ့် ????
ကျုပ်ဟာကန့် လန့် မမွေးဖွားခဲ့လို့ သာပေါ့
ဒါပေမယ့် ကန့် လန့် တိုက်ချင်တဲ့စရိုက်ဟာအပြည့်အဝ
ကဗျာလေးကကောင်းလိုက်တာ မိုးသူရေ ။
စံပယ်ချို said...
အတ္တအကျဉ်းအကျယ်ကို
မိုက်မဲစွာဘဲကဗျာတပုဒ်နဲ့ တိုင်းတာကြည့်လိုက်တယ်---
တခါတလေအမလဲ... ချဉ်စူးစူး အိပ်မက်တွေနဲ့ပူလောင်ခဲ့ဖူးတယ်
တခါတလေလဲ ရေပေါ်ပေါနေတဲ့ဆီတွေကို အားကျနေမိတယ်
ထပ်တူခံစားလို့ရတဲ့ စာသားလေးတွေအတွက်မိုးသူကို ကျေးဇူးအကြီးကြီးနော်
မိုးနတ်ကြယ်စင် said...
သမိုင်းရေးနေခြင်းဟာ...ကလောင်သွားမလိုအပ်ဘူး
အဲသလိုပြောတော့ ........
ကိုယ်ကျင့်တရားတို့ ဟာကျုပ်ကိုပြုံးပြုံးကြီးစိုက်ကြည့်ကြတယ်
အလို.....အရေးထဲမှပဲ....
အဲဒီအဖြစ်အပျက်တွေကြားထဲမှာ
အူကြောင်ကြောင်..... ကျုပ်ဟာ.....
စမ်းတ၀ါးဝါးနဲ့ ပါဝင်ပတ်သက်မိနေတယ်.....
တော်ပါပေတယ်...မိုးသူ..တပုဒ်လုံးကတော့ အဓိပ္ပါယ်တွေ
အပြည့်အ၀ပဲ...ကဗျာရှည်သလောက် အဓိပ္ပါယ်ကျယ်ဝန်းလှတာမို့
သေသေချာချာလေးပဲ ခံစားလို့ဖတ်ခဲ့တယ် မိုးရေ....:)
ကောင်းသောညပါနော်.....
ခင်မင်နေတဲ့...မိုးနတ်
ချစ်စံအိမ် said...
အလို.....အရေးထဲမှပဲ....
အဲဒီအဖြစ်အပျက်တွေကြားထဲမှာ
အူကြောင်ကြောင်..... ကျုပ်ဟာ.....
စမ်းတ၀ါးဝါးနဲ့ ပါဝင်ပတ်သက်မိနေတယ်
ကဗျာဆရာကြီးနည်းနည်းများပျောက်နေလားမသိဘူးနော်..
Post a Comment