ပျော်ဝင်မြစ်
လျှာဖျားပေါ်က ဒိန်ခဲ
တစိမ့်စိမ့်ပျော်ကျသွားသလို
ငါ့ညတွေတော်တော်များများဟာ
အမှောင်ထဲမှာပျော်ဝင်တတ်လာတယ်
တရားခံဟာ...နင်ပဲ...ဖြစ်မယ်ထင်တယ်
ဟုတ်တယ်...ချစ်သူရေ
နင့်ပုံရိပ်တွေဖောင်းကြွလို့ နေတယ်
ယစ်ကောင်တွေကိုငါ့အပါးမှာညီးညူကြတယ်
(တနည်း )ငါဟာယစ်ထုတ်ကြီးပေါ့
မျက်လုံးနှစ်ဖက်စုံမှိတ်လို့ တရှိန်ထိုးမော့ချမိတိုင်း
ဖန်ခွက်ကိုတိုးတိုက်လိုက်တဲ့
နင်ငါ့ကိုမုန်းသွားခဲ့တဲ့နေ့ က
နှလုံးသားရဲ့ မြည်တမ်းခြင်းတွေနဲ့ ထပ်တူညီမျှတယ်
ဟော....တဖြည်းဖြည်းနဲ့ လျောဆင်းသွားတဲ့
ချော်ရည်တွေဟာ အူသိမ်အူမထဲမှာ
ပူခနဲနွေးလို့ တငွေ့ ငွေ့ တက်လာတဲ့
သက်ရောက်မှုတွေထဲမှာ
နင့်ကိုသတိရခြင်းတွေကရောပြွန်းလို့ နေသေးတယ်
သင့်တင့်မျှတမှုမရှိတဲ့အတွေးတွေကို
တခဏဖယ်ထုတ်ရှင်းလင်း
ပုလင်းအဖုံးကိုတရစ်ခြင်းလှည့်ဖွင့်
နောက်တခါအတွက်ပြင်ဆင်ခွင့်တွေလဲရချင်သေးတယ်
မိုးသူ(တောင်ကြီး)
12 Nov 2012/Monday
06:32/Pm
3 comments:
အလွမ်းမြို့ said...
မိုးသူရေ
မရောက်တာကြာပြီ။နေကောင်းကျန်းမာလား ငါ့မောင်။
ကဗျာကောင်းလေး အားပေးသွားခဲ့တယ်။
နှစ်သစ်လေးရောက်တော့မှာမို့ နှစ်သစ်လေးအတွက်
ကြိုတင်နှုတ်ဆက်လိုက်ပါတယ်။ ပျော်ရွှင်သော နှစ်သစ်လေးမှာ
ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေ
ခင်တဲ့
မကြီးလွမ်း
စံပယ်ချို said...
မိုးသူရေ
တကယ်ပဲ ယစ်ထုတ်ကြီးလား
Merry Christmas! ပါမိုးသူ
တောင်ကြီးကိုလွမ်းတယ် ရေအေးကွင်းဘုရားကျောင်းပတ်လည်ကအားလုံးသူငယ်ချင်းတွေလေ
3rdthameetaw said...
ဆောင်းအေးအေး မှာ ကဗျာဖတ်ပြီး နွေးသွားတယ်
တစ်ခွက်လောက်သောက်လိုက်မယ် မိုးသူရေ
Post a Comment