လူကလေး....မင်းဆေးသောက်ဖို့ အချိန်ရောက်ပြီ ( A lunacy)



ရမ္မက်တွေကိုတစ်ပွင့်ချင်းဆီခြွေချ..၀င်္ကဘာပြယုဓ်တခုရဲ့
ကောက်ကြောင်းအတိုင်းနံနက်ခင်းတွေသွေးစွန်းပေခဲ့ပြီ
သရဖီပန်းတို့ ရဲ့ ရှတတအသက်ငွေ့ တွေကိုခပ်ပြင်းပြင်းရှုသွင်းရင်း
စိတ်စေတသိက်အတွင်းမှာဓမ္မတေးတွေကိုသံပြိုင်ဟစ်ကြွေးကြတယ်
ဘာလင်တံတိုင်းပေါ်ကပစ်ချလိုက်တဲ့ဂျိုးငှက်တို့ ရဲ့ အမွေးအတောင်တိုင်းဟာ
ကမ္ဘာကြီးတခုလုံးအတွက်ဘုရားသခင်ပေးအပ်ချီးမြှင့်လိုက်တဲ့
သန့် ရှင်းစင်ကြယ်သောငြိမ်းချမ်းရေးလက်ဆောင်ဖြစ်တယ်
ခုတ်ရာတခြားရှရာတခြားဖြစ်ခဲ့တဲ့အသံတိတ်လှောင်ရယ်မှုတွေကိုအနိုင်ပိုင်းလို့ 
အတွေးတွေအစွန်းရောက်သွားတဲ့အထိမိုးလင်းမိုးချုပ်အလုပ်လုပ်ခဲ့ပြီးပြီ
ပရိယာယ်ကြွယ်ဝမှုတွေအားလုံးဟာအသုံးမလိုတော့တဲ့
စွန့် ပစ်ပစ္စည်းတွေထဲရောနှောလို့ ရုပ်ပြောင်းရုပ်လွဲအတတ်ပညာနဲ့ 
လောကကြီးကို..တူတူပုန်းတမ်းကစားတယ်..လိုက်တမ်းပြေးတမ်းကစားတယ်
အားရှိစရာပါပဲ အားရစရာပါပဲ အားတက်စရာပါပဲ
အချိုးညီစွာနဲ့ သမာရိုးကျရှင်သန်ရတဲ့ခွင့်ပြုမိန့် ကျပြီးတဲ့နောက်
မနက်ဖန်တိုင်းအတွက်မနုဿလူသားတဦးအမှန်စင်စစ်ဖြစ်ကြောင်း
အူကြောင်ကြောင်နဲ လက်မှတ်ရေးထိုးရပေအုံးတော့မယ်
ဝါးလုံးကွဲမတပ်အော်ရီ(ရယ်)လိုက်တဲ့အရိပ်မဲ့အသံလှိုင်းတွေတိုင်းမှာ
တခမ်းတနားအပြင်အဆင်နဲ့ လိပ်ပြာနှုတ်ကျမ်းဂန်ဟောင်းတွေပါတယ်
ဘယ်လိုလောင်းရိပ်အောက်မှာမှမွေးဖွားလာတာမဟုတ်တဲ့အတွက်
ကိုယ့်ကိုယ်တိုင်လွတ်လပ်စွာနဲ့ အတောင်စုံဖြန့် လို့ စိတ်တိုင်းကျပျံသန်းမယ်
မင်္ဂလာကျက်သရေအပေါင်းနဲ့ ပြည့်စုံတော်မူပါစေ...ကမ္ဘာမြေ......
အလောင်းကောင်တွေတထပ်ပြီးတထပ်မြုပ်နှံနေလဲပြည့်လျှံခြင်းမရှိတဲ့
ခင်ဗျားရဲ့ ရင်ခွင်မှာအားလုံးသောသက်ရှိတွေပျော်ပိုက်လို့ နေကြရတယ်
အတ္တ မာန သိက္ခာ လောဘ ဒေါသ မောဟ ဣဿမစ္ဇျရိယတွေကို
ခင်ဗျားမချေဖျက်ပေးနိုင်တာကတော့တော်တော်ဝမ်းနည်းဖို့ ကောင်းတယ်
ဒါပေမယ့် ....ကျေးဇူးကြီးလှပါတယ်...ကမ္ဘာမြေ
အညှီပုတ်နံ့ တွေကင်းစင်တဲ့တနေ့ သမိုင်းစာအုပ်ကြီးထဲက
စစ်ဘုရင်တွေရဲ့ နာမည်ကိုတလုံးချင်းရွတ်လို့ ခုံရုံးတင်မယ်
ပြီးရင် (၁၃)ရက် သောကြာနေ့ တိုင်းမှာ အကျော်အမော်
ပန်း(၁၀)မျိုးဆရာတွေခေါ်လို့ ပျိုမျစ်နုနယ်တဲ့ကမ္ဘာကြီးအဖြစ်ဖန်တီးမယ်
အနက်ရောင်ဝတ်စုံတွေကို ဒီကမ္ဘာမြေပြင်ကနေအပြီးတိုင်မှောင်းထုတ်မယ်
စာမျက်နှာတိုင်းကို ငြိမ်းချမ်းရေးသတင်းတွေနဲ့ ပြည့်ကြပ်နေစေရမယ်
မြေဆီမြေနှစ်ပြည့်ဝတဲ့နေရာတွေမှာ
လိုတရပဒေသာပင်တွေစနစ်တကျ စိုက်ပျိုးမယ်
ပေါင်မုန့် တလုံးအတွက်စစ်ပွဲတွေရပ်ကြမယ်
ဂါဝန်လှလှလေးတွေအတွက်စစ်ပွဲတွေရပ်ကြမယ်
အားလုံးသောပိုင်ဆိုင်မှုတို့ အတွက်စစ်ပွဲတွေရပ်ကြမယ်
မျက်ရည်စက်တွေကင်းစင်တဲ့လွှတ်မြောက်နယ်မြေဖန်တီးကြမယ်
ပြီးရင်.........
................ပြီးရင်...........
...............................ပြီးရင်..........
ဒီကဗျာရေးနေတုန်းမှာပဲ ဆရာဝန်တယောက်ရဲ့အမိန့် 
ပေးသံနားထဲကိုစူးရှစွာတိုးဝင်လာခဲ့တယ်
" လူကလေး...မင်းဆေးသောက်ဖို့ အချိန်ရောက်ပြီ " တဲ့
(It's time to take the drug)
(Take drug on this time)
ကျွန်ုပ်လဲစာရေးခြင်းအလုပ်ကို ဤတွင် နဋ္ဌိတံ လိုက်လေသတည်း
I just a lunacy...........

မိုးသူ(တောင်ကြီး)
ခေတ္တစိတ်ကျန်းမာရေးဆေးရုံကြီး

17 Sep 2012/Tuesday
02:14/AM —






5 comments:

စံပယ်ချို said...

မိုးသူရေ နားမလည်ပါ နားလည်သလိုနဲ့ဖတ်နေခဲ့တယ်
စိတ်ကျန်းမာရေးဆေးရုံကြီးကို ဘာအတွက်ရောက်နေတာလဲ
ခင်မင်တဲ့ jasmine(မဂျီး)

အိပ်မက်ကောင်းကင် said...

ကျွန်တော်လည်း နားမလည်သလိုပဲ ကိုမိုးသူရေ
ဖြစ်နိုင်ရင်ပြောပြလို့ရမလား
ကဗျာလေးကတော့ ဖတ်ရင်းနဲ့ မျှောသွားတယ်
နောက်ဆုံးစာကြောင်းလေးရောက်တော့ တစ်မျိုးမျိုးကိုခံစားနေရသလိုဖြစ်သွားတယ်
ပျော်ရွှင်နိုင်ပါစေနော် ကိုမိုးသူ
ခင်တဲ့(အိမ်မက်ကောင်းကင်)

မိုးနတ်ကြယ်စင် said...

မိုးသူရေ..ဒီကဗျာလေးကို ဖတ်ပြီး မိုးနတ်နားလည်တာကတော့..
စစ်ကြောင့်..ဒါမှမဟုတ်..အကြမ်းဖက်ဝါဒီတွေရဲ့.အကြမ်းဖက်လုပ်ရပ်တွေ
ကြောင့် တန်ဆာခံဖြစ်ခဲ့ရတဲ့ ကလေးတွေဟာ ကိုယ်ခန္ဒာတင်ဒဏ်ရာရုံ
မဟုတ်ပဲ စိတ်တွေပါ ဒဏ်ရာရခဲ့ရတယ်..ပြီးတော့ သူတို့လေးတွေရဲ့ အဖေ.အမေတွေလဲ ဒီလောကကြီးမှာရှိချင်မှရှိတော့မယ်..ရှိချင်လဲရှိမယ်ပေါ့
လေ..ဘာပဲဖြစ်ဖြစ် အဲဒိကလေးတွေထဲက တစ်ယောက်ဟာ..ဆေးရုံလေး
ပေါ်မှာနေနေရင်း သူ့ရဲ့ခံစားချက်လေးတွေကို ကြေကွဲစွာနဲ့ ကဗျာတစ်ပုဒ်
အဖြစ်အံထုတ်နေတယ်ပေါ့လေ..ဒါပေမဲ့ အဲဒိကဗျာလေး မဆုံးသေးခင်ပဲ
ဆရာဝန်က ဆေးသောက်ချိန်ရောက်ပြီတဲ့...သူ့ကဗျာလေးလဲ တပိုင်းတစ
နဲ့ရပ်သွားတယ်လေ.....အဟက်...ထင်ရာမြင်ရာတွေရေးလိုက်မိပြီ.
နားလည်သလို ရေးကြည့်လိုက်တာပါ...မှားရင်တော့ ကွယ်ရာမှာလှောင်
မနေပါနဲ့လားမိုးသူရေ....မိုးသူကဗျာတွေက တခါတခါ လိုက်လို့မမှီနိုင်
ဘူးမဟုတ်လား....မိုးနတ်ညံ့သွားရင်ခွင့်လွှတ်နော်....
ဒါနဲ့ အဲဒိကလေးကိုယ်တိုင်က မိုးသူလားဟင်.....မိုးသူဆိုရင်တော့
အံ့သြစရာပဲ...မိုးနတ်ကဗျာဆရာကြီးက...စိတ်ကျန်းမာရေးဆေးရုံကို
ရောက်နေတာတောင် ကဗျာကောင်းတွေရေးနိုင်တုန်းဆိုတော့လေ....
အားပေးသွားတယ်နော်..မိုး
ခင်မင်လျက်..မိုးနတ်
(ဒါထက်...မိုးသူကဗျာလေးအကြောင်း မိုးနတ်တို့နားလည်အောင်
မိုးသူကိုယ်တိုင်ရှင်းပြပါအုံးလား...မိုးနတ်ထက်စီနီယာကျတဲ့ မဂျီးဂျက်
တို့တောင် နားမလည်ဘူးဆိုတော့လေ....)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

(၁၃)ရက် သောကြာနေ့ တိုင်းမှာ အကျော်အမော်
ပန်း(၁၀)မျိုးဆရာတွေခေါ်လို့ ပျိုမျစ်နုနယ်တဲ့ကမ္ဘာကြီးအဖြစ်ဖန်တီးမယ် ..

13 Friday တိုင်းကို မြတ်က မှတ်မှတ်ရရ သတိထားမိနေတတ်သူပါ။


မင်္ဂလာကျက်သရေအပေါင်းနဲ့ ပြည့်စုံတော်မူပါစေ...ကမ္ဘာမြေ......
အလောင်းကောင်တွေတထပ်ပြီးတထပ်မြုပ်နှံနေလဲပြည့်လျှံခြင်းမရှိတဲ့
ခင်ဗျားရဲ့ ရင်ခွင်မှာအားလုံးသောသက်ရှိတွေပျော်ပိုက်လို့ နေကြရတယ်

အဲဒီနားလေးလည်း အရမ်း သဘောကျမိတယ်။ ဒါက တကယ့်အမှန်တရားအစစ်ပဲလေနော်။ တရားသဘော သိပ်ဆန်တယ်။

ဒီလို အမှန်တရားကို ချပြတဲ့ ကဗျာဆရာလေးကို စိတ္တဇဝေဒနာသည်အဖြစ် မဖန်တီးလိုက်ပါနဲ့ ကဗျာရှင်ရယ်။

ခင်တဲ့
မြတ်

မိုးသူ(တောင်ကြီး) said...

မမြတ်ရေ ...ဆိုကရေးတီးလို လဲကိုယ့်ဟာကို

အဆိပ်မသောက်သေချင်ဘူး

ပြီးတော့ ဗင်ဆင့်ဗင်ဂိုးလိုလဲ ကိုယ့်ကိုယ်ကိုမသတ်သေချင်ဘူး

အဲဒါကြောင့်မို့ ကိုယ့်ဟာကို အရူးစရင်းထဲမှာနာမည်သွင်းလိုက်တာပါဗျာ

အမှန်တရားဆိုတာကို

လူတွေတော်ယုံတန်ယုံလက်မခံနိုင်ဘူး ငြိမ်းချမ်းရေးဆိုတာကို

လူတွေသဘောကျတယ်လို့ သာပြောကြတာ

အမှန်တကယ်က လူတွေရဲ့ ပင်ကိုယ်စိတ်က မငြိမ်းချမ်းချင်ကြပါဘူး

လောဘဒေါသမောဟ မာန်မာန

ဣဿမစ္ဇျရိယစိတ်တွေကိန်းဝပ်နေသမျှကာလပတ်လုံး

မိုးသူတို့ ရဲ့ ကမ္ဘာကြီးဟာ ဘယ်သောအခါမှ ငြိမ်းချမ်းမှာမဟုတ်ပါဘူး

အဲဒီတော့ ကျွန်တော်ရူးနေလိုက်တာပဲကောင်းပါတယ်

(((အမှန်တရားတွေသွင်းထားတဲ့ ပိုစ့်မော်ဒန်ကဗျာပါ )))

တတိယမြောက်သမီးတော်တို့ ကောင်းကင်တို့ 

စကားလုံးတလုံးခြင်းရဲ့ အဓိပ္ပါယ်ကို တွေးပြီး

ဖတ်ရင်နားလည်ပါလိမ့်မယ် မိုးသူရေးထားတဲ့ ကဗျာတွေကို

ရှင်းပြခွင့်မရှိဘူး ရှင်းပြလေ့မရှိဘူး ....မရှင်းပြချင်လို့ မဟုတ်ပါဘူး

ကဗျာအာပတ်သင့်မဆိုးလို့ ပါ ကဗျာဆိုတာ ခံစားတဲ့သူပေါ်မှာမူတည်တယ်

မိုးသူရေးထားတာထက်ပိုပြီးခံစားလို့ လဲရချင်ရမှာပါ

အတွေးပေါ်မှာပဲမူတည်ပါတယ် ပြောပြလိုက်ရင် ပေါ့ရွှတ်သွားမှာဆိုးလို့ ပါ

တွေးနိုင်တဲ့သူတွေးသလောက်ရမှာပါနော်

အားလုံးကိုခင်မင်တဲ့

မိုးသူ(တောင်ကြီး)

Post a Comment