ကျုပ်ဆိုတဲ့ "ကျွန်တော်"နှင့် ခင်ဗျားဆိုတဲ့ "ငါ" ကွန်ဆက်/ မာနဒေါမနဿပါဖောင့်မန့် 




ကျုပ်အယူအဆတွေရဲ့ အနောက်ဖက်တံခါးဝမှာ
အချက်ပေးခေါင်းလောင်းတခုတပ်ထားမယ်
ဒီနေ့ အတွက်...တွန်းတိုက်မှုတွေကို
ရာဇမတ်ကွက်ကာလို့ ကြိုဆိုလိုက်တယ်
မသတီချင်စရာကောင်းတဲ့သိက္ခာဆိုတဲ့
ဂုဏ်ပုဒ်ဟာတံတွေးခွက်ထဲမှာ
ခေါင်းစိုက်လို့ ခပ်တည်တည်အိပ်ငိုက်နေတယ် ။

အသံနေအသံထားမမှန်တဲ့စကားလုံးတွေကို
မော်ဒန်ကဗျာဆိုပြီးထုတ်လုပ်ရတဲ့အရသာ..သိပ်ပြီးရှတတယ်
.......(ခင်ဗျားစမ်းသပ်ကြည့်ပါလား).....
ကုန်ကြမ်းပေးကုန်ချောယူစနစ်၊ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ
စက်မှုစွမ်းအားခေတ်ကျော်လွှား၊ဘာဘဲစိုက်စိုက်ပြောင်းညှက်စိုက်
သစ်တပင်ခုတ်ထောင်သုံးနှစ်၊တောမီးတကွက်မုဆိုးတသက်
သစ်တောစွမ်းဖြင့်မြန်ပြည်တ၀ှမ်းစိမ်းလန်းစေရမည်
အဲသလိုစကားလုံးတွေထောင်းနမောင်းထနေတဲ့ခေတ်ကြီးမှာ
မော်ဒန်ကဗျာတပုဒ်ဖြစ်ခွင့်ရတာသိပ်တန်တယ်(လွှတ်လှ)  ။

ခင်ဗျားရဲ့ အရှက်တရားတွေမျက်နှာပြောင်တိုက်လာရင်
ကျူပ်ရဲ့ ခပ်ပြင်းပြင်းဒေါသတွေဆီဒယ်အိုးထဲပစ်ချလိုက်ချင်တယ်
ခင်ဗျားရဲ့ သိက္ခာပုတ်သိုးသိုးတွေကိုရေခဲသေတ္တာထဲသိမ်းထားလိုက်ပါ
မနေ့ ကလက်ကျန်မုဒိတာတွေအငွေ့ မပျံခင်
ကျုပ်ပစ်ကျွေးလိုက်တဲ့ထန်းညက်ခဲလေးငုံပြီး
လာရာလမ်းတိုင်းအမြီးကုတ်လို့ ပြန်မြန်းသွားသင့်တယ် ။

သိပ်တော့လဲမပြောချင်ပါဘူးကျုပ်သိသလောက်တော့
့ခင်ဗျားအတွင်းစိတ်ကိုက...၀ိဘိဇ္ဇ၀ါဒတွေနဲ့ သွေဖီနေတယ်
တောကြောင်တွေလက်ပန်းပေါင်းခပ်ချင်အောင်မြူစွယ်သလိုလိုနဲ့ 
အကျိုးတရားမပြုနိုင်တော့တဲ့အကြောင်းတရားတွေကို
ခင်ဗျားရဲ့ မော်ဒန်ဆိုတဲ့ခပ်ညံ့ညံ့ကဗျာထဲထည့်ထည့်ရေးနေတယ်
အဲဒီတော့ကျုပ်ဟာအလိုလိုနေရင်းထိုင်ရင်းနဲ့ 
အငြိမ်မနေချင်တဲ့ပြက်လုံးတခုဖြစ်ဖြစ်သွားတတ်တယ် ။

ကျုပ်သေသချာချာကို အချောကိုင်စဉ်းစားကြည့်သေးတယ်
လက်ခုပ်တီးတာကောင်းလား အဲဒါဆိုရင်လက်နှစ်ဖက်လိုတယ်
ချိတ်ချိတ်ချင်းချိတ်မလားအဲဒါဆိုရင်ချိတ်နှစ်ခုလိုတယ်
အခုကတည်းကတခါထဲပြောထားလိုက်မယ်
အသံကြောင့်ဖားမသေစေနဲ့ ငါ့စကားနွားရမပြောနဲ့ 
ကြည်လင်နေတဲ့...အဇ္ဈတအတွင်းက
ဒေါသရိုင်းတွေခုန်ပေါက်ပြီးထိုးထောင်လာရင်
မိုးပေါ်က သိကြားမင်းဝရဇ္ဇိန်လက်နက်လိုလွဲနေမှာတော့မဟုတ်ဘူး
ခင်ဗျားဆိုတဲ့ "ငါ" ဟာ ကျုပ်ဆိုတဲ့  "ကျွန်တော်" နဲ့ 
ခပ်ဝေးဝေးမှာသွားနေရင်ကောင်းမယ် ။     ။

မိုးသူ(တောင်ကြီး)
02September2012/Sunday
10:34/Am

8 comments:

စံပယ်ချို said...

ဒေါသရိုင်းတွေခုန်ပေါက်ပြီးထိုးထောင်နေတယ်ထင်ရတယ်
ခပ်ဝေးဝေးက ဖတ်ခဲ့ပါတယ်

မိုးနတ်ကြယ်စင် said...

စိတ်လျှော့...စိတ်လျှော့..မိုးသူရေ......
မိုးနတ်အထင်တော့...စကားလုံးတွေကလဲခုန်ပေါက်နေသလို...ရေးတဲ့လူလဲ
ုခုန်ပေါက်နေမယ်ထင်တယ်နော်..:P....ဖတ်ရင်းနဲ့ စကားလုံးတွေရော..ရေးတဲ့လူကိုရော....နဲနဲလောက်တော့လန့်မိသား...
စကားလုံး ဆန်းဆန်းတွေကို....တခမ်းတနား လာဖတ်သွားပါတယ်မိုးသူ..
ရွှေထီးဆောင်းပြီး...ဝေါယာဉ်ကြီးနဲ့လေ....(ကိုရီးယားရာဇ၀င်ကားထဲကလို)......ဟိ....စိတ်ကူးယဉ်ချက်ကတော့.........အားပေးသွားတယ်နော်...မိုး..
ခင်မင်နေတဲ့...မိုးနတ်

ချစ်စံအိမ် said...

ခင်ဗျားဆိုတဲ့ "ငါ" ဟာ ကျုပ်ဆိုတဲ့  "ကျွန်တော်" နဲ့ 
ခပ်ဝေးဝေးမှာသွားနေရင်ကောင်းမယ် ။ ။ ဒေါသကြီးပဲ..:D

အိပ်မက်ကောင်းကင် said...

ကဗျာလေးကိုဖတ်ရင်းနည်းနည်းတောင် ဖျားချင်သလိုဖြစ်သွားတယ် :P
ကိုမိုးသူရယ် စိတ်တော့ လျှော့လိုက်ပါနော် ဟဲ
ကဗျာလေးကိုအားပေးသွားပါတယ်

Phyu Lwin said...

အဲသလိုစကားလုံးတွေထောင်းနမောင်းထနေတဲ့ခေတ်ကြီးမှာ
မော်ဒန်ကဗျာတပုဒ်ဖြစ်ခွင့်ရတာသိပ်တန်တယ်(လွှတ်လှ) ။
မှန်တယ် ကိုမိုးသူ .. ခပ်ကြမ်းကြမ်းရေးထားတဲ့ ကဗျာတစ်ပုဒ် တစ်ကယ်အသက်ဝင်တယ် ..။

3rdthameetaw said...

အသံနေအသံထားမမှန်တဲ့စကားလုံးတွေကို
မော်ဒန်ကဗျာဆိုပြီးထုတ်လုပ်ရတဲ့အရသာ..သိပ်ပြီးရှတတယ်

ဟုတ်ပါ့ အဲ့ဒါလေးတွေကိုအရသာတွေ့ နေတာ
လေးလုံးစပ်တွေပျောက်ကုန်ပြီ
အားပေးသွားတယ်ရှင်

မြတ်နိုးသူ said...

အသံကြောင့်ဖားမသေစေနဲ့ ငါ့စကားနွားရမပြောနဲ့ 
ကြည်လင်နေတဲ့...အဇ္ဈတအတွင်းက
ဒေါသရိုင်းတွေခုန်ပေါက်ပြီးထိုးထောင်လာရင်
မိုးပေါ်က သိကြားမင်းဝရဇ္ဇိန်လက်နက်လိုလွဲနေမှာတော့မဟုတ်ဘူး
ခင်ဗျားဆိုတဲ့ "ငါ" ဟာ ကျုပ်ဆိုတဲ့  "ကျွန်တော်" နဲ့ 
ခပ်ဝေးဝေးမှာသွားနေရင်ကောင်းမယ်
စကားလုံးလေးအရမ်းလှတယ်အားပေးသွားပါတယ်နော်

အလွမ်းမြို့ said...

မိုးသူရေ...

စာဖတ်သူတွေကိုတော့ ခပ်ဝေးဝေး မနေခိုင်းနဲ့နော်.
ဝေးလေလွမ်းလေ ဖြစ်သွားမယ်..အဟီးး (သီချင်းစာသား)
မကြီးလည်းခုမှရောက်ဖြစ်တယ်။
လူမရောက်ပေမဲ့ အမြဲသတိရပါတယ် ကိုယ့်မောင်နှမတွေကို
ဒေါသကြောင့် အသက်တိုတယ်။
တိုနေမှာစိုးလို့လျှော့.. အဟီးးးးးးး



ခင်တဲ့
မကြီးလွမ်း

Post a Comment