ပျားရည်မြစ်ထဲကစိတ်ကူး
ရေပေါ်ဆီဘ၀ဖြစ်ရတာကို ဂုဏ်ယူဖို့ မရပ်မနားကြိုးပမ်းနေတယ်
ဇင်ယော်ငှက်ဘ၀ကိုအရမ်းအားကျတယ်
လွင့်ချင်ရာလွင့်နေတဲ့ကြိုးမဲ့စွန်ဘ၀ကိုတမေ့တမောငေးကြည့်မိဖူးတယ်
အဆက်မပြတ်စီးဆင်းနေတဲ့စမ်းချောင်းငယ်လေးထဲက
ရေကို အသွားထက်ထက်ဓါးတချောင်းနဲ့ အကြိမ်ကြိမ်ခုတ်ဖြတ်ခဲ့ဖူးတယ်
 ဘယ်တုန်းကမှ မခင်မင်ခဲ့ဖူးတဲ့လေထုထဲက
မြူမှုန့် လေးတွေနဲ့ စကားလက်စုံကြဖူးတယ်
အိမ်တံခါးတွေလုံအောင်ပိတ်ပြီးတယောက်ထဲနေခဲ့ရတဲ့ရက်တွေမှာ
တိတ်ဆိတ်ခြင်းဟာအဖော်မွန်ကောင်းအဖြစ်
ငါ့ရဲ့ စိတ်ကိုတည်ငြိမ်အောင်ခဏခဏအားပေးတယ်...
ခင်မင်မှုကိုအခွင့်ကောင်းယူတဲ့ အထီးကျန်ဆန်ခြင်းတွေဟာ
ဘ၀ထဲကို အကျဉ်းတန်စွာနဲ့ အားမနာပမွှေနှောက်တာကိုခံခဲ့ရဖူးတယ်
ဒေါင်လိုက်ဖြစ်ဖြစ်အပြားလိုက်ပဲဖြစ်ဖြစ်ပျော်နေတဲ့ဘ၀ကို
လောကဓံ(သို့ )ကံတရားရဲ့ သက်ပြင်းတွေဟာစိုးရွံ့ မှုတွေနဲ့ 
တ၀ုန်းဝုန်းထိုးနှက်ခံရခြင်းကိုမဆုံချင်ပါပဲကြုံကြိုက်ခဲ့ရတယ်
တခါတလေများနော် ချစ်သူလက်ကိုဆွဲလို့ 
ရင်ကိုကော့.......မျက်နှာမော့ပြီး .....
တလောကလုံးကို ဂရုမစိုက်တဲ့ မာထန်ထန်မျက်နှာပေးနဲ့ 
လူတွေအမြင်ကပ်အောင်နေကြည့်လိုက်ချင်တယ်....
ချစ်သူရေ.......အမှန်တကယ်တော့
ငါဟာအရင်လိုအရူးတယောက်ရဲ့စိတ်
ရင်ထဲမှာကိန်းဝပ်နေပါသေးတယ်
မြှားတပစ်ခန့် သာရှိသောခပ်ပေါပေါခပ်ပေပေစိတ်ကူး
မုန်တိုင်းထန်နေတဲ့ကြားထဲမှာပဲလွန့် လူးပျောက်ရှခဲ့ပြီ ။    ။
မိုးသူ(တောင်ကြီး)
22 August 2012/Wednesday
06:36/PM
6 comments:
3rdthameetaw said...
အိမ်တံခါးတွေလုံအောင်ပိတ်ပြီးတယောက်ထဲနေခဲ့ရတဲ့ရက်တွေမှာ
တိတ်ဆိတ်ခြင်းဟာအဖော်မွန်ကောင်းအဖြစ်
ငါ့ရဲ့ စိတ်ကိုတည်ငြိမ်အောင်ခဏခဏအားပေးတယ်...
အမှန်ကတော့ တယောက်ထဲနေတဲ့အကျင့်က အကောင်းဆုံးဖြစ်မယ် အဲ့ဒါ နာကျင်စရာလည်းမလိုတော့ဘူးလေ
လွင်ပြင်လှိုင်းငယ် said...
ငါဟာအရင်လိုအရူးတယောက်ရဲ့စိတ်
ရင်ထဲမှာကိန်းဝပ်နေပါသေးတယ်
မြှားတပစ်ခန့် သာရှိသောခပ်ပေါပေါခပ်ပေပေစိတ်ကူး
မုန်တိုင်းထန်နေတဲ့ကြားထဲမှာပဲလွန့် လူးပျောက်ရှခဲ့ပြီ ။
ကဗျာလေးတကယ်ကောင်းတယ် ။
အိပ်မက်ကောင်းကင် said...
အရမ်းကောင်းပြီး အဓိပ္ပာယ်တွေ များပြားလွန်းတဲ့ စာလေးတစ်ပုဒ်ကို
အားပေးသွားတယ်နော်
တစ်ခါတစ်လေမှာ တစ်ယောက်တည်းနေတာ အကောင်းဆုံးပဲလို့ထင်တယ်
^_^
ခင်တဲ့ (အိမ်မက်ကောင်းကင်)
Phyu Lwin said...
ရေပေါ်ဆီဘ၀ဖြစ်ရတာကို ဂုဏ်ယူဖို့ မရပ်မနားကြိုးပမ်းနေတယ်
လေထုတွေထဲမှာအနှောင်အဖွဲ့ မရှိပျံသန်းရတဲ့
ဇင်ယော်ငှက်ဘ၀ကိုအရမ်းအားကျတယ်
လွင့်ချင်ရာလွင့်နေတဲ့ကြိုးမဲ့စွန်ဘ၀ကိုတမေ့တမောငေးကြည့်မိဖူးတယ် ...
ဒီကဗျာတော့ နားလည်ဖို့ သိပ်မကြိုးစားလိုက်ရဘူး.. ရှင်းရှင်းသရုပ်ဖော်ထားတာဆိုတော့ ချက်ချင်း သဘောပေါက်လွယ်သွားတယ် .. အရမ်းကြိုက်တယ်
Candy said...
စာလာဖတ်တယ် မိုးသူရေ
အစဉ်အမြဲ အားပေးလျက်ပါ
မိုးနတ်ကြယ်စင် said...
ကဗျာတစ်ပုဒ်လုံးရဲ့ စာသားလေးတွေအားလုံးက ကောင်းတာမို့ မိုးနတ်အရမ်း
ကြိုက်ပါတယ်.ဒီတစ်ခါတော့ ခပ်ညံ့ညံ့ မိုးနတ်တစ်ယောက်သဘောပေါက်
လွယ်သွားတယ်..ဒါပေမဲ့...အရင်လို မိုးသူရေးနေကျ..မိုးနတ်လိုက်မမှီနိုင်
တဲ့ ကဗျာလေး တစ်ချို့ကိုလွမ်းမိသား..အဲဒိကဗျာလေးတွေကိုတော့ မိုးနတ်
မှာအတော်ကို ကြိုးစားပမ်းစားဖတ်ရတာပါ....မိုးသူရေ..မိုးနတ်ရေးဖူးတဲ့စာ
သားလေးတစ်ချို့မှတ်မိသေးလား? အချစ်ဆိုတဲ့ အရာကို မိုးနတ်က
ဘာမှန်းမသိ.ညာမှန်းမသိ အမျိုးအမည်မတပ်လိုက်နိုင်တဲ့ဝေဒနာ တစ်ရပ်
လို့ တင်စားထားမိတယ်...ခု .မိုးသူကဗျာတွေလဲ ဒီအတိုင်းပဲ...ညံ့တဲ့ မိုးနတ်အတွက်...ဘာမှန်းမသိ..ညာမှန်းမသိဖြစ်နေပေမဲ့...အဲဒိကဗျာတွေကိုပဲ စွဲစွဲလန်းလန်းနဲ့ လာဖတ်ဖြစ်နေတယ်....ဒီလိုပြောလို့မိုးနတ်ကို စိတ်မဆိုးနဲ့အုံး...စိတ်ထဲခံစားရတာကို ပြောတာ...မိုးသူက တော်နေပြီး
ဖတ်တဲ့ မိုးနတ်တို့က ညံ့နေတာဖြစ်မှာပေါ့.....:P
အားပေးနေတယ်နော်မိုး
ခင်တဲ့..မိုးနတ်
Post a Comment