မာယာဒေ၀ီ နှင့် သူ၏အကျဉ်းသား



ရွပိုးထိုးနေတဲ့ ဗြဟ္မစိုရ်တရားတွေ
ငါးခုံးမတကောင်ကြောင့်ရုပ်လုံးပြက်ခဲ့ပြီးပြီ ။

မာယာဒေ၀ီရေ...
အကျွန့် ကိုနားလည်ပေးပါ
မင်္ဂလာတရားတော်နဲ့ အကျွန်အသက်ရူပါတယ်
လေပြွန်တွေထဲမှာမျက်မှောင်ကုတ်ကုတ်
ဂျပန်ဆံတောက်နဲ့ အပျိုဖြန်းလေးအူမြူးနေတုန်း
ဗြုန်းခနဲဆို အရုပ်ကြိုးပြတ်သွားတဲ့ မျှော်လင့်ချက်
သြော်..... အရေးထဲ စိတ်ကကောက်တတ်သေးတယ် ။

မာယာဒေ၀ီရေ.....
အကျွန်မနက်ဖန်အတွက်
ဘာသာစကားတမျိုးပြောင်းသုံးရတော့မယ်
တကယ့် ဗီဇတွေအတွက်
အသံတိမ်ဝင်သွားတဲ့ အထိ ရုန်းကန်မယ်
အကုသိုလ်ဂီတတွေအတွက်
ညီမျှတဲ့ကာရန်တွေနဲ့ ကျုံးသွင်းမယ် ။

မာယာဒေ၀ီရေ ...
အစအဆုံးခေါင်းမဖော်ဝံ့တဲ့ဆန္ဒတွေ
ခေါက်တုံ့ ခေါက်ပြန်လမ်းသလားလို့ 
တစ်ကနေ တစ်ဆယ်အထိရေတွက်ရင်း
အကျွန်တကိုယ်လုံး ဗြောင်းဆန်လို့ 
မိုးလင်းပေါက်အောင် မိုးချုပ်ခဲ့တယ် ။

မာယာဒေ၀ီရေ....
ငိုနေသလား ပြုံးနေသလား
တခါတလေ .....
အကျွန်..မသိခြင်းတွေနဲ့ ပျော်တယ်
ရှေ့ သွားနောက်လိုက်ညီတဲ့ 
အိမ်မက်တွေကိုခုံမင်တယ်
ကိုယ်ပိုင်သစ်သီးတွေကို
အုပ်မှည့်ပြီးနှစ်ချို့ ဝိုင်ဖောက်
အကျွန်ဟာခပ်မြောက်မြောက်ကြွတတနဲ့ 
ဖိုးတွမ်တီ နှုတ်ခမ်းနီကိုယုံချင်မိတယ် ။

နောက်ဆုံးတော့ ဆေးမရှိတဲ့
ဒဏ်ရာတွေကိုယ်စီကိုယ်စီနဲ့ 
ယူဇနာသန်းပေါင်းများစွာအထိ
ဆန့် ကျင်ဖက်နေရာတွေကိုကျောခိုင်းလို့ 
လှည့်မကြည့်ကြေးဂတိသစ္စာပြုကြမယ် ။

မာယာဒေ၀ီရေ....
ဤအဆိုပြုချက်ကိုသဘာတူတယ်ဆိုရင်
အိမ်ကိုအရင်ပြန်နှင့်ပါ
အပြာရောင်မီးတပွင့်ထွန်းညှိထားပေးပါ
အိပ်တန်းပြန်တော့မယ့်
တေးဆိုငှက်တို့ ရဲ့ အသံကိုဖမ်းယူထားပေးပါ
ကြယ်ကြွေညတို့ ရဲ့ ရင်ခုန်သံကိုခံစားနားထောင်ပေးပါ
ကဗျာမဲ့ကမ္ဘာကနေလွတ်မြောက်ခွင့်ပေးသနားလှည့်ပါ ။


မိုးသူ(တောင်ကြီး)
24June2012/Sunday
02:49/Pm

7 comments:

လွင်ပြင်လှိုင်းငယ် said...

မိုးသူရေ ကဗျာလေးသုံးခေါက် အားပေးသွားတယ် ။ပွင့်ပွင့်လင်းလင်းဝန်ခံရရင်
မိုးသူကဗျာတွေက အရမ်းမြင့်လွန်းတော့ လိုက်မမှီသေးလို့ အကြိမ်ကြိမ်ခံစားမိတာပါ ။ တကယ်လဲ အားကျမိတယ် မိုးသူ ကဗျာတွေက
အရမ်းကောင်းတယ် ။

စံပယ်ချို said...

ကဗျာမဲ့ကမ္ဘာကနေလွတ်မြောက်ခွင့်ပေးသနားလှည့်ပါ ----
ဟုတ်တယ် ကဗျာတွေမရှိတဲ့နေရာတော့မနေနိုင်ဘူး တူတူပဲ

3rdthameetaw said...

ဘယ်သူ့ ဆီသွားပြီးအသနားခံတာပါလိမ့် နော်...၊??????????

နောက်ဆုံးတော့ ဆေးမရှိတဲ့
ဒဏ်ရာတွေကိုယ်စီကိုယ်စီနဲ့ 
ယူဇနာသန်းပေါင်းများစွာအထိ
ဆန့် ကျင်ဖက်နေရာတွေကိုကျောခိုင်းလို့ 
လှည့်မကြည့်ကြေးဂတိသစ္စာပြုကြမယ် ။

ီဒီအပိုဒ်လေးတော့ခံစားမိတယ်ရှင့် ....

အလွမ်းမြို့ said...

မိုးသူ။
မကြီးလွမ်းမပြောဘူးလား။အရင်တုန်းက မိုးသူ ကဗျာဖတ်တိုင်း
တစ်ခါတည်း နားမလည်ဘဲ ခဏခဏ ဖတ်ရတယ်။
ကဗျာထဲက စာသားတွေ ကာရံတွေက မကြီးတို့လိုက်မမှီဘူး။
ဒီက ဦးနှောက်က သွေးလေးတုံးလေမို့။
ခုလည်း ကဗျာကို လွင်ပြင်လိုဘဲ ၃...၄ ခေါက်ဖတ်တယ်။
ကဗျာကောင်းတွေကို အားပေးနေမယ်


ခင်တဲ့
မကြီးလွမ်း

ချစ်စံအိမ် said...

အိမ်ကိုအရင်ပြန်တာပဲ မီးပျက်နေတယ် ..:P
နာလည်ဖတ်တာပဲ နားလည်ဘူးဟယ် နင်ကလည်းလူပိန်းနားလည်အောင်ရေးပါဟ..
တော်ကြာအပျိုကြီးကနေမယ်သီလရှင်ဖြစ်မယ်..:D

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာတွေ အရမ်းဖတ်လို့ ကောင်းတယ် မိုးသူရေ...
တစ်ပုဒ်ပြီးတစ်ပုဒ် မထပ်ဘဲ လှလှပပ ဖွဲ့စပ်တတ်တာ အားကျမိတယ်။

ခင်တဲ့
မြတ်

Middle-of-the-Roader said...

မော်ဒန်ကဗျာ အရေးအသားနဲ့  အကြောင်းအရာ ယူထားတာ စကားလုံးရွေးစပ်တာတွေ တကယ့်ဆရာတဆူပါပဲ။ ထင်းရှုးပင်ရိပ်တောင် သိမ်ငယ်သွားတယ်။
ကဗျာရေးသားသူတွေ အတော်များများဟာ သူများမသုံးသေးတဲ့ စကားလုံးတွေ ရှာဖွေပေါင်းစပ် မျိုးစပ်တတ်ကြတယ်။ တခါခါ မရှိသေးတဲ့စကားလုံး အသစ်ဖြစ်ရင်ပြီးရောဆိုပြီး လုပ်တတ်ကြပါသေးတယ်။
အဲဒီအခါမှာ ဖတ်ရှုတဲ့သူအဖို့  နက်ရိုင်းတဲ့ အဓိပ္ပါယ်လို့ မြင်တက်ပြီး ရေးသားသူထက် တွေးခေါ်နေမိတက်ပါတယ်။ ဒါဟာ ကဗျာဆရာရဲ့ အောင်မြင်မှုပါပဲ။ ကြိုက်လို့ ဝေဖန်တတ်ကြသလို မကြိုက်လို့ လည်း ပရိတ်သတ်က ဝေဖန်ကြပါတယ်။ ဒါဟာ နာမည်ကြီးဖို့  လမ်းစပဲ။ စာရေးဆရာမ ဂျူး၊ အဆိုတော် မျိုးကျော့မြိုင်၊ ရုပ်ရှင်သရုပ်ဆောင် ရာဇာနေဝင်း သူတို့ တတွေ စတင်လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းကို ကြည့်ရင်သိနိုင်ပါတယ်။
ကဗျာဆရာ ကိုမိုးသူရေ
တခါတလေ စကားလုံးတွဲစပ်တဲ့အခါမှာ ကိုယ်သုံးလိုက်တဲ့ စကားလုံးဟာ ကိုယ်တကယ်(အတိအကျ)သိတဲ့ စကားလုံးမျိုး ဖြစ်ပါစေဖို့  တိုက်တွန်းပါတယ်။ ဒါကဗျာဆရာကောင်းတွေရဲ့ အချက်ပါပဲ။ ဥပမာဆိုကြပါစို့ ဗျာ...့ ဗြဟ္မစိုရ်တရားတွေ လို့ ဆိုရာမှာ အဲဒီ ဗြဟ္မစိုရ်တရားလေးပါရဲ့ အနက်အဓိပ္ပါယ် အရကောက်ကို သေသေခြာခြာ သိနေဖို့ လိုတယ်နော်။ အရကောက်တွေကို သေခြာမသိပဲ ရေးသားသုံးနှုန်း နေတဲ့ ကဗျာဆရာတွေလို မဖြစ်စေချင်လို့  ကြိုတင် သတိပေး ဝေဖန်လိုက်တာပါ။ ကဗျာ ကိုမိုးသူကို အထင်အမြင်သေးတဲ့ အမြင်နဲ့  မဟုတ်ရပါလို့  ပန်ကြားရင်း

Post a Comment