ငွေအသပြာနှင့်စကားစမြည်အနည်းငယ်ပြောကြည့်ခြင်း
အခြေအနေမှန်
ဒါမှမဟုတ်
အမှန်ဆုံးအခြေအနေဟာ
ငွေကြေးတွေနဲ့ ဒရဟောစီးဆင်းတယ်
သိက္ခာတွေဟာရေမျောကမ်းတင်
အရမ်းခင်တဲ့မိတ်ဆွေကိုတောင်
ကမ်းပြိုကျအောင်တိုက်စားတယ် ။
ကျူပ်ကတော့ ....
ဘာနက္ခတ်နဲ့ ယှဉ်မွေးလာလဲမသိ
အိပ်ကပ်ထဲနိုက်ကြည့်လိုက်တိုင်း
ပေါ့ရွှတ်ရွှတ်ပြားကပ်ကပ်နဲ့ 
ခင်ဗျားနဲ့ ရန်ဖြစ်ထားသလိုလို
ဟိုစကားပုံဟာ....ကျူပ်ကို
ငိုချင်ရက်လက်တို့ တယ်
လူမိုက်နှင့်ငွေအတူမနေတာလား
ဒါဆိုရင်တော့ ....ကျူပ်ကလူမိုက်
ထ ,ရိုက်ချင်စရာစကားလုံးတွေနဲ့ 
လောကကြီးက...ကျူပ်ကိုပြုံးပြီးကြည့်တယ် ။
အများတကာသတ်မှတ်ထားတဲ့ 
ဒုတိယဘုရားသခင်ဟာ
သစ္စာအမြင်မှန်တရား
တပါးတလေမှမဟောဘူး
ဒါပေမယ့် .....
တကြုပ်ကြုပ်မြည်တတ်တဲ့
ဝမ်းခေါင်းထဲကတပ်မက်မှုတွေအတွက်
အမှန်တရားကိုဖော်ထုတ်ပေးတယ် ။
ခွေးကောင်...
ခွေးထက်မိုက်မဲတဲ့အကောင်
ကျူပ်ကအဟုတ်ထင်လို့ ကိုးကွယ်ခဲ့တာပါ
အသပြာနဲ့ ကုစားနေတယ်လို့ 
ဖွင့်ပြောဖို့ ကောင်းတယ်
ဒီလိုမှန်းအစကတည်းကသိခဲ့ရင်
ခင်ဗျားရင်ဘတ်ကြီးကို
ဖနောင့်နဲ့ထပေါက်ပါတယ်
တကယ်ဆို ...
ခင်ဗျားပြောပြသင့်တယ်လို့ မထင်မိဘူးလား ။
သြော်...လူတွေကလဲခက်တယ်ဗျ
ခင်ဗျားရဲ့ နောက်ကို မုဆိုးတွေသားရဲလိုက်သလို
နိစ္စဓူဝ အာသာငမ်းငမ်းနဲ့ လျှောက်လိုက်နေတော့လဲ
ခင်ဗျားမာန်တက်တာမဆန်းကျယ်ဘူးပေါ့
ကျူပ်လဲခင်ဗျားကိုကြိုက်တဲ့အထဲပါတာပဲလေ
ပျိုပျိုအိုအို လူတန်းစားမရွေးအလိုရှိတယ် ။
တကယ်တော့ခင်ဗျားဟာ
စုန်းကဝေတကောင်လိုလဲဖန်ဆင်းနိုင်တယ်
ဖုတ်ကောင်တကောင်လိုလဲသွေးစုတ်နိုင်တယ်
သရဲသဘက်တကောင်လိုလဲခြောက်လှန့် နိုင်တယ်
နတ်သမီးလေးတမျှလှပအောင်လဲနေနိုင်တယ်
ကြီးကျယ်မြင့်မြတ်သောဂရုဏာရှင်တပါးလိုလဲနေနိုင်ပြန်တယ်
ရှိအပ်ခြင်း.....မရှိအပ်ခြင်းတွေ
ဘ၀င်..... အာဏာတွေ
လောဘ ဒေါသ မောဟ တွေ
အတ္တ မာနတွေ
ဣဿာမစ္စရိယတွေကို
သွေးသွင်းအသက်ဆက်နေတဲ့
စွမ်းအားရှင် ဒုတိယဘုရားသခင်ပါပေတကား ။   ။
မိုးသူ(တောင်ကြီး)
16 July 2012/Monday
11:31/Monday
2 comments:
လွင်ပြင်လှိုင်းငယ် said...
လက်စွမ်းတွေက ထက်သတဲ့ထက်ပဲဗျို့
စံပယ်ချို said...
ငွေကြေးတွေနဲ့ ဒရဟောစီးဆင်းတယ်
သိက္ခာတွေဟာရေမျောကမ်းတင်
အရမ်းခင်တဲ့မိတ်ဆွေကိုတောင်
ကမ်းပြိုကျအောင်တိုက်စားတယ်.......................................................မှန်လိုက်လေကွယ်
Post a Comment