စင်္ကြာဝဋ္ဌာတခုရှိအိမ်မွေးသတ္တ၀ါများအကြောင်း
လေသလှပ်နေတဲ့...ပုံဆိုးပမ်းဆိုးစိတ်ကူးတွေ
လိမ္မော်ရောင်..အိုအေစစ်ထဲမှာကျကျနနစိမ်ထားရင်း
မနေ့ ညကကြွင်းကျန်နေတဲ့ထမင်းကြမ်းခဲနဲ့ 
အမည်မသိဂြိုလ်သားတွေစားသုံးတဲ့ ဗယာကြော်နှစ်ခုကို
သမုဒ္ဒရာပြင်ထဲလောင်းထည့်လိုက်တယ် ။
ခပ်မွဲမွဲသာမြင်ရပြီး...ဆူးတွေပြည့်နေတဲ့လမ်းမှာ
မျိုးဥတွေကျဲချဖို့ အလွတ်ကျက်ထားတဲ့ 
မန္တာန်ကိုအသေအချာရွှေဘောင်ကွပ်လို့ 
ရောဂါထူပြောတဲ့ လောကကြီးကို ခေါင်းထောင်ကြည့်လိုက်မိတယ်
အလို....ပေါများလိုက်တဲ့ တဏှာတွေ အကောင်းစားသရဖူကိုဆောင်းလို့ 
အဆီတ၀င်းဝင်းမျက်နှာပေးနဲ့ှဆန္ဒဇောကပ်နေတဲ့ နေရာတွေမှာ
မီး (၁၁)မီး ကို မငြိမ်းသွားအောင်ထင်းစိုက်ပေးနေကြတယ် ။
တချို့ ရွက်ပုန်းသီးတွေဟာ အမှောင်ထုရဲ့ 
ဆင်ခြေဖုံးရပ်ကွက်မှာအခြေချနေထိုင်ကျတယ်
သူတို့ လဲ အိုဇုံးလွှာပေါက်ပြဲနေတဲ့ ကမ္ဘာကြီးထဲမှာ
အာစင်းနစ်အဆိပ်ငွေ့ တွေရှူရှိုက်ရင်းနဲ့ အသက်ရှင်ကြတယ်
သိပ်တော့ ထူးထူးခြားခြားမဟုတ်ပါဘူး
အစုံစားသတ္တ၀ါဖြစ်ခွင့်ရတဲ့ ကိုယ့်ကိုကိုယ် ဂုဏ်ယူချင်လို့ ပါ ။
ပြီးရင်.. ...ဆင်တူရိုးမှားဝေါဟာရတွေကြားမှာ ငြင်းခုံသံတွေနဲ့ 
တစ်ဦးကိုတဦးပစ်ပေါက်ကြမယ် ကလူကျီစယ်ကြမယ်
ကျွန်တော်ထင်တာတခုချပြကြည့်ချင်ပါတယ်
သတ္တ၀ါတွေအားလုံးဟာ အတ္တဆိုတဲ့ ယာဉ်ပျံကြီးကိုစီးနင်းပြီး
တူညီတဲ့ ပန်းတိုင်ဆီကို ဦးတည်ခုတ်မောင်းနေကြတယ်မလား
တခါတခါ မာန်အစွယ်ငေါငေါကြီးတွေထုတ်ပြတတ်သေးတယ် ။
ဘယ်သူတွေက ဘယ်လိုငြင်းချက်တွေထုတ်ထုတ်နေတာလဲ
ကျိုးနွံစွာနဲ့ အခိုင်းစေခံစာအုပ်စာပေတွေရှိတဲ့ကမ္ဘာကြီးမှာ
ကျွန်တော်တို့ တတွေနေရထိုင်ရတာသက်တောင့်သက်သာရှိလှပါတယ်
အရေးပေါ်အခြေအနေမှာအလျော်ပေးချင်တဲ့ စိတ်နဲ့ 
မနေချင်တော့တာတော်တော်လေးကြာနေခဲ့ပြီ
သတ္တ၀ါတခုကံတခုဆိုတဲ့စကား
ကြားရတာများလို့ ငြီးငွေ့ ချင်သလိုလိုဖြစ်လာတယ် ။
စိတ်လိုလက်ရရှိတဲ့အခါမျိုးတွေမှာတော့စေ့စေ့လေးတွေးမိဖူးပါတယ်
သုံးမျိုးစလုံးနဲ့ ညီညွှတ်မျှတအောင်နေထိုင်တယ်
အနေမတတ်အထိုင်မတတ်သတ္တ၀ါတွေက
ကွန့် ကြတယ်ညွန့် ကြတယ် အတွန့် တက်နေထိုင်ကြတယ်
အဲဒီလိုနည်းတွေနဲ့ နေထိုင်တတ်သူများကို တော့
လူပီသ သောသတ္တ၀ါများလို့ ခေါ်တွင်ကြသတဲ့ ။
ဂုဏ်ရှိန်၊ပကာသန၊ရာထူးအရာခံ၊ရွှေငွေတွေနဲ့ 
ကျောသပ်ခြင်းခံထားရတဲ့ သတ္တ၀ါတွေကတော့
သင်္ဘောပျက်မှာကိုထိတ်လန့် တုန်လှုပ်ကြတယ်
ပီယ၀ါစာချစ်ဖွယ်သောစကားကိုဆိုပါ့မယ်
တခါတလေ စောက်စည်းကမ်းမရှိတဲ့ ဒင်းတို့ ရဲ့ တဏှာတွေက
အသစ်အသစ်သော.ရာဂ, တွေအတွက်
စိတ်ဓါတ်နုနုထွဋ်ထွဋ်လေးတွေကိုမှုဒိန်းကျင့်ကြပြန်သေးတယ် ။
ဟုတ်တော့လဲဟုတ်နေပြန်တယ်အဓိပ္ပါယ်ရှာဖွေရခက်ခဲတဲ့ 
ကံကြမ္မာလောကဓံလှိုင်းရဲ့ ရိုက်ပုတ်မှုတွေဟာ
သတ္တ၀ါတော်တော်များများကို ရုဒ္ဒ ရသ တွေပေးလွန်းနေတယ်
ပိတ်ကြပ်လှောင်မွန်းနေတဲ့ ဧည့်ခန်းထဲကသတ္တ၀ါတချို့ မှာကြတော့
ကိန်းဂဏန်းတွေနဲ့ ဖွဲ့ နွဲ့ ထားတဲ့စရင်းဇယားတွေများလွန်းလို့ 
ငါးထပ်တိုက်ပေါ်ကခုန်ချချင်နေမိတာအပြစ်ရယ်လို့ မဆိုသာပေဘူး
အမြဲလိုလို....နီရိုးဘုရင်ကြီးရဲ့ ဘ၀ကိုအားကျနေမိခဲ့ပါတယ်
တယောတလက်တော့မတောင်းဆိုချင်ပါဘူး
ကျွန်တော့်ကိုကဗျာရေးဖို့ ခပ်ကြမ်းကြမ်းစက္ကူသာပေးပါ
ဟိုတချိန်တုန်းကရောမပြည်ကြီးမှာနေထိုင်ဖူးခဲ့တဲ့ 
သက်ရှိသတ္တ၀ါတွေရဲ့ ပါဖောင့်မန့် ကို အလွတ်ရွတ်ဆိုပြပါ့မယ် ။
ကဗျာတွေနဲ့ မှော်ဝင်လေတိုင်း(သို့ )တသားထဲဖြစ်သွားလေတိုင်း
တခါတလေ
ကျွန်တော်ဟာ ကဗျာမက်ဂျစ်ရှင် တယောက်ပမာဖြစ်သွားတတ်လို့ ပါ
တခါတလေ
ကျွန်တော်ဟာကဗျာတွေနဲ့ တကွဘ၀င်ရူးရူးနေတတ်တဲ့သတ္တ၀ါတကောင်ပါ
တခါတလေ
ကျွန်တော်ဟာ သက်ရှိကဗျာတပုဒ်ဖြစ်သွားတတ်ပါတယ်
တခါတလေ
ကျွန်တော်ဟာနေစင်္ကြာဝဋ္ဌာအဖွဲ့ အစည်းထဲက သာမန်အိမ်မွေးသတ္တ၀ါမျှသာ .....
ပြီးပါပြီ ။   ။
မိုးသူ(တောင်ကြီး)
30 June 2012/Saturday
06:43/PM
6 comments:
လွင်ပြင်လှိုင်းငယ် said...
မော်ဒန်ကဗျာရှည်ရှည်လေးကို တ၀ကြီးဖတ်သွားပါတယ် မိုးသူရေ
စံပယ်ချို said...
ဖတ်နေတယ် ဘယ်နှခါလဲမသိတော့ဘူး လိုက်မမှီဘူးမိုးသူရေ
3rdthameetaw said...
မြင့်လှချဉ်လားရှင့်..
စကားလုံးတွေကတော့အရမ်းမိုက်တယ်နော်..
ဆိုလိုရင်းလေးကလဲ အတော်ခိုက်တယ်...
ပီယ၀ါစာ က တော့ ဟိဟိ..
Phyu Lwin said...
ရေးတတ်လိုက်တာ..မော်ဒန်ကဗျာဆိုတော့ လိုက်မှီအောင်မနည်းဖတ်ရတယ်..
ပျိုးယုဝသုန် (Pyo Yu Wathone) said...
ခိုင်းနှိုင်ချက်တွေ နမိတ်တွေကို ကြိုက်တယ်.. ဆက်ရေးနော် ..အားပေးနေတယ်
ခင်တဲ့
အစ်မ
ဝသုန်
အွန်လိုင်းကျေးရွာ said...
ကဗျာကြိုက်တတ်သူမို့ ဒီဆိုဒ်လေးကို အမြဲရောက်ဖြစ်တော့မယ် ။
Post a Comment