တကယ့်ကဗျာဆရာ


နံနက်ခင်းတိုင်းလိုလို
good morning ဆိုတဲ့ 
နှုတ်ဆက်သံများနဲ့ 
မျက်စိနှစ်လုံးဖွင့်လိုက်တယ်
ဒီနေ့ အတွက်...
သည်းခံခြင်းတွေကို
အရင်းအနှီးပြုလို့ 
အောင်မြင်မှုတွေကိုအစိမ်းစားမယ်
သွေးသံရဲရဲနဲ့ စက်စုတ်ဖွယ်
ကျော်ကြားမှု အသားစတွေကို

တစ်ရစ်ခုတ်ထွင်
တစစီ
တဖဲ့စီ
တကိုက်စီ
တတုံးခြင်းစီ
မသတီချင်စရာခေတ်တခုအတွင်းမှာ
နှစ်နှစ်မျို့ မျို့ နဲ့ ပျို့ တက်လာအောင်
ဟန်ဆောင်ကာတခွက်ခြင်းမျို
အလို.....ခါးသက်လိုက်တာ
တခြားမျက်ခွက်အတွက်မငြင်း
ငါ ၏အဇ္ဇျတ္တအတွင်းထဲကအညှီနံ့ နဲ့ 
PH 7 စစ်စစ်ကိုတရှိန်ထိုးမော့
ဝေါ့ ခနဲ...အန်ထွက်လာတဲ့
တန်ပြန်သက်ရောက်မှုကို
သွေးစက်ခံတဲ့ ခွက်အတွင်း
ပြည့်မှောက်အောင်
တစ်စက် ...
နှစ်စက်...
သုံးစက်
နှလုံးသားရက်စက်တတ်တဲ့
သွေးစုတ်ဖုတ်ကောင်ရဲ့ပီတိလိုမျိုး
ပုံရိုးရိုးအမေးတချို့ နဲ့ 
လည်ချောင်းသွေးကိုခြေဆေး
ဖြေတွေးတွေနဲ့ အန်ကိုတင်းတင်းကြိတ်
တထိတ်ထိတ်နဲ့ ရှင်သန်
ကိုယ့်အရိပ်ကိုယ်ပြန်လှန့် တဲ့
အံ့သြဖွယ်ကောက်ကျစ်မှု
အံ့သြဖွယ်ယုတ်မာမှု တွေကို
ပလုပ်ပလောင်းနဲ့ နှုတ်ကမရှောင်တမ်း
ယောင်ရမ်းပြီးစားသုံးထားတဲ့
ရိရွဲရွဲစကားလုံးများနဲ့ ရစ်
လေထဲကစစ်ပွဲတခုအသွင်
တွင်တွင်ကျယ်ကျယ်ပရိယာယ်နဲ့ 
ခပ်လွယ်လွယ်ဖောက်ပြန်တတ်တဲ့
ငါဟာ.....
တကယ့်ကဗျာဆရာ ။  ။

မိုးသူ(တောင်ကြီး)
06 July 2012/Friday
10:06/AM

7 comments:

စံပယ်ချို said...

မိုးသူရေ
လာရောက်ဖတ်ခဲ့ပါတယ်
တကယ့်ကဗျာဆရာ ဟာ ခပ်လွယ်လွယ်ဖောက်ပြန်တတ်သလားကွယ်

မိုးသူ(တောင်ကြီး) said...

မဂျက်ရေ ....

ထေ့သံလေးနဲနဲထည့်ဖတ်ပေးပါလား

(((တကယ်)))ကဗျာဆရာလို့ ရေးထားတာမဟုတ်ဘူးလေ

(((တကယ့်))) ကဗျာဆရာလို့ ရေးထားတာပါ

(တချို့ တချို့ ကဗျာတွေဖတ်ရင် အသံ နဲ့ ဖတ်ပေးပါလားနော်)

အခုက ထေ့ ထားတဲ့ အသံလေးနဲ့ ဖတ်ပေးပါနော်

ကဗျာဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျ

အလွမ်းမြို့ said...

မိုးသူရေ။

မကြီးလွမ်းလည်း လာရောက်အားပေးသွားတယ်။
((( တကယ့် ကဗျာဆရာလို့ ထေ့သံနဲ့
ဖတ်သွားလိုက်တယ်နော်။))))



ပျော်ရွှင်ပါစေ
ခင်တဲ့
မကြီးလွမ်း

စံပယ်ချို said...

ဒီတခါ ပြန်လာပြီး ထေ့သံနဲ့ဖတ်ခဲ့တယ်ဗျို့

3rdthameetaw said...

မနေ့  က မန့်ခဲ့တာလေးပျောက်သွားတယ်နော်
ဘာလို့ လဲမသိ

မိုးသူ(တောင်ကြီး) said...

အယ့် မိုးသူ ကွန်မန့် တွေမဖျက်ဘူးနော်

တတိယမြောက်သမီးတော်ရေ

3rdthameetaw said...

ဖျက်တယ.်လို့ ပြောတာဟုတ်ဘူး..
မနေ့  ကပေးတာ တက်မလာဘူး ဘာဖြစ်သွားမှန်းမသိတာ

Post a Comment