အရေခွံအထပ်ထပ်ဖုံးနေသောလောက၏ ယုတ္တိဗေဒများ





သာမန်ဘ၀ကို logically ကူးခပ်တဲ့အခါ
ယုတ်မာလိုက်တဲ့ပုစ္ဆာတွေက အပြစ်ရှာကဲ့ရဲ့ ကြတယ်
ဒါဟာ.... တက္ကဗေဒပညာရှင်တွေရဲ့ အလုပ်ဖြစ်မယ်
လူမှုအသိုင်းဝိုင်းကွန်ရက်ထဲကို
သတ္တိရှိရှိ (သို့ မဟုတ်)သတိရှိရှိသာ login ၀င်လိုက်ပါ
သမစိတ္တ နဲ့ sign in ဒါမှမဟုတ် sign out ဆိုတာ
ခင်ဗျား.....တွေးတောယူဆဖို့ မလိုတဲ့ field တခုသာဖြစ်တယ်
လူတွေနဲ့ အချိုးညီဝါဒတွေဖလှယ်ခွင့်မရသေးသမျှ
ခင်ဗျားဟာ ဒုတိယအိမ့်မက်ကို မက်ခွင့်မရှိဘူး ။

sympathetic technician တော်တော်များများဟာ
symmetry logic ဗေဒ ကို ပီပြင်စွာဆန့် ကျင်တယ်
aboveboard လား.........artlessly လား.....
honestly လား...............sincerely လား.....
naturalism ကိုသေချာစွာအသက်သွင်းတာကတော့
( poets )ကဗျာဆရာတွေဆိုတာခင်ဗျားမမေ့သင့်ဘူး
ကဗျာဆရာမောင်ချောနွယ်ကတော့
သူ့ ရဲ့ သမိုင်းဖတ်စာထဲမှာပြောဖူးတယ်
 ((''ကဗျာဆရာဆိုတာ
အဂတိမလိုက်စားကြဘူး
ဟောကြည့်ပါလား
ကဗျာဆရာ အနန္တသူရိယ အမတ်ဟာ
ကဗျာတစ်ပုဒ်နဲ့ ကြိုးစင်တက်ခဲ့တာ
မလှဘူးလား
လွှတ်လှ ။"))
နေစမ်းပါအုံး ...ကျူပ်သိချင်လို့ 
ခင်ဗျား.........
 ကြိုးစင်တက်ဖို့ တွေးနေမှာလား
အဂတိလိုက်စားဖို့ စဉ်းစားနေမှာလား
လွှတ်လှဖို့ ကြိုးစားဖူးလား ။

သူခိုးတယောက်ဟာ သူ့ အလုပ်ကိုသူကြိုးစားလေလေ
တဖက်က ဆုတ်ယုတ်နစ်နာမှုတွေများလေလေဖြစ်မယ်
သားသတ်သမားရဲ့ ရင်ထဲမှာ ဂရုဏတရားကြီးမားလေလေ
သူ့ အတွက် အကျိုးကျေးဇူးနဲလေလေဖြစ်မယ်
ဒါဟာလောကကြီးရဲ့  harmonious အလှတရားတခုသာဖြစ်တယ်
မိုးရွာလို့ ပုရွက်ဆိတ်တွေတွင်းပိတ်သေတာ
မိုးရွာတဲ့ အပြစ်လို့ တွေးမိရင် တွေးမိတဲ့သူအမှားလား
ဒါပေမယ့် မိုးကတော့ကမ္ဘာမြေအတွက်ရွာကိုရွာပေးမှဖြစ်မယ် ။

ညည့်နက်နက်မှာမှလရောင်ဆန်းပြီးပွင့်ရတဲ့ 
ပဒုမာရွှေကြာပန်းကို ဘယ်တုန်းကမှမရှုံ့ ချခဲ့ဘူး
လရောင်ရဲ့ အစွမ်းနဲ့ သူ တင့်ခဲ့ရပေမယ့်
လောကကြီးကိုတတ်နိုင်သလောက်
အလှဆင်ရတဲ့သူ့ ဘ၀ကိုချီးကျူးဂုဏ်ယူတယ်
စိန်နားကပ်ရောင်တဲ့ ပါးပြောင်တဲ့လူတွေကိုတော့မုန်းမိပါရဲ့  ။

အရောင်တွေများတဲ့ လောကထဲမှာတော့
တကျောင်းတဂါထာ တရွာတပုဒ်ဆန်းကြတာချည်းပဲ
equations ဆိုတာ...နေရာတကာမှာ မင်းမူလို့ မရနိုင်ဘူး
သဘောထားတိုက်ဆိုင်မှုတွေ
အံလွဲတိုင်းသာ ရန်သူလို့ သတ်မှတ်လိုက်ရင်
ခင်ဗျားကိုကျူပ်ရဲ့ မိတ်ဆွေစရင်းကပယ်တယ်
စပါးလုံးတထောက်စာမျှမရှိတဲ့ အရေပြားအောက်က
ဆန္ဒတွေအတွက်စိတ်စေတသိက်အကြည်ဓါတ်တွေ
ညိုးနွမ်းသိမ်ငယ်ခဲ့ရတာလဲ ခင်ဗျားအသိပဲမဟုတ်လား
rotations သီအိုရီအရ ...ညဟာ ........
သူ့ ကိုယ်သူပိုင်ဆိုင်ပါတယ်လို့ တခါဖူးမှမကြွေးကြော်ခဲ့ဖူးဘူး
သံသရာတပတ်ပြန်လည်ခဲ့ ရင်တောင်
ကျူပ်ဟာ ဒီနေရာကိုပြန်ရောက်ဖို့ အတော်ခက်ခဲလိမ့်မယ်
ခင်ဗျားသိထားဖို့ က သင်္ခါရ လောကကို အံတုဖို့ အားမထုတ်မိပါစေနဲ့ 
သမာသမတ်ကျတဲ့ လောကကြီးမှာ
အနိစ္စသဘောတခုသာလျှင်တည်မြဲခြင်းတွေနဲ့ အစိုးရနေပါတယ်။     ။

မိုးသူ(တောင်ကြီး)
18mAy2012/Friday
10:40/AM

စကားချပ်။     ။ ဆရာသစ္စာနီပြောသလို အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာတွေမှာသာရှိတတ်တဲ့  ဆဋ္ဌမအာရုံကို အားပြု ပြီးရေးဖွဲ့ ထားပါတယ်.....
ယ္ခုကဗျာအတွက် မိုးသူ(တောင်ကြီး) ကို ကဗျာဆရာလို့ သတ်မှတ်မယ်ဆိုရင်
မငြင်းဆိုချင်ပါဘူး...
ဘာလို့ လဲ ဆိုတော့ဒီကဗျာရေးဖို့ အတွက်အချိန်တော်တော်ကြာကြာအားယူခဲ့ရလို့ ဖြစ်ပါတယ်
ယ္ခုကဗျာလေးဟာမိုးသူရေးခဲ့ဖူးတဲ့ ကဗျာတွေထဲမှာ အခက်ခဲဆုံးနဲ့ အကြာဆုံးကဗျာလေးလဲဖြစ်ပါတယ်
နောက်ပြီး  မိုးသူ(တောင်ကြီး) ဟာ ကိုယ့် ကိုကိုယ် ကဗျာဆရာလို့ ဘယ်တုန်းကမှမသတ်မှတ်ခဲ့ ဖူးပါ.....




.

3 comments:

ချစ်စံအိမ် said...

ကဗျာလေးဖတ်သွားပါတယ် ..စုံနေတာပဲ
ရေးတတ်တဲ့သူတွေကတော့ဘယ်လိုရေးရေးကောင်းပါတယ်
အားပေးနေပါမယ်..

စံပယ်ချို said...

မိုးသူကို မဂျက်ကတော့ ကဗျာဆရာတစ်ယောက်အဖြစ်သတ်မှတ်ထားပါတယ်
ကဗျာရေးတတ်တာနဲ့ ကဗျာဆရာ မဟုတ်ပါဘူး ဘာတွေကွာခြားနေတာလဲဆိုရင် မပြောတော့ဘူးနော်----
ခုတလော အပြင်မှာ မြင်နေရတာတွေကတော့
ယုတ်မာလိုက်တဲ့ပုစ္ဆာတွေ မေးခွန်းတွေထုတ်နေတဲ့သူတွေပါပဲ
မိုးသူရေးတာတွေ ပညာပါတယ် ဆက်လက်ရေးနိုင်ပါစေလို့
မကြီးဂျက်

လွင်ပြင်လှိုင်းငယ် said...

မိုးသူရဲ့ အရေးအသားတွေဟာ တကယ့်ကိုကောင်းပါတယ်
အားလဲပေးပါတယ်။ဝေဖန်စရာရှိရင်လဲ ဝေဖန်ပေးပါ့မယ်။
အားလဲကျပါတယ်။မိုးသူလိုကဗျာကောင်းတွေရေးနိုင်အောင်လဲ ကိုယ့်ဟာကိုယ်
ကြိုးစားနေဆဲပါ

Post a Comment