ပုံပြင်ဟောင်းကိုအသက်သွင်းမိသော "နုံအအ" မှော်ဆရာငယ်၏ နောက်ဆုံးတပတ်စာဒိုင်ယာရီ
ရက်စွဲ။   ။ ကဗျာလဆန်း (၁) ရက်နေ့ 
ထွီ.........ခနဲထွေးထုပ်လိုက်တဲ့
ခရမ်းပုတ်ရောင်အန်ဖတ်တမ်းခြင်းတွေ
တခဏအတွင်းမှာ အငွေ့ ပြန်လို့ 
မိုးကွက်စက်ဝိုင်းရဲ့ အနားသပ်နံရံမှာ
သူမရဲ့ ပုံရိပ်သဏ္ဍာန်ထင်ဟတ်သွားခဲ့တယ် ။
ရက်စွဲ။   ။ ကဗျာလဆန်း (၂) ရက်နေ့ 
စိတ်ဒဏ်ရာအနာဖေးတွေကိုကုတ်ဖဲ့ရင်း
ညနေခင်းတချို့ ဟာအညှီနံ့ တွေနဲ့ မွှန်ထူနေခဲ့ရတယ်
ငါ့မာနတွေသက်သတ်လွတ်မစားတဲ့ နေ့ 
တစ်ကိုယ်ကောင်းအတွေးရဲ့ သွေးကို
အစိမ်းလိုက်ဖောက်သောက်ပြမယ်
အချစ်နတ်မိစ္ဆာအပေါင်းတို့ ကောင်းချီးပေးလော့ ။
ရက်စွဲ။   ။ ကဗျာလဆန်း (၃)ရက်နေ့ 
အခုညနေခင်းလေးမှာပဲ
ကမ္ဘာကြီးတခုလုံးရူးသွပ်သွားခဲ့ပြီ
အို.......၀ဠာမြူမိုး သက်တန့် ခိုးတို့ အား
အစိုးရတော်မူသောသမာဒေ၀နတ်မင်းမြတ်တို့ 
ငါအား ညံ့ဖျင်းသိမ်နုပ်သောမှော်ပညာ
တခဏတာဖန်ဆင်းပေးသနားတော်မူပါလော့
ငါ၏ချစ်သူအား အံ့မခမ်းထယ်ဝါလှသော
ပျော်ရွှင်မှုတို့ ဖြင့်အသက်သွင်းလတ္တံ့ ။
ရက်စွဲ။   ။ ကဗျာလဆန်း (၄)ရက်နေ့ 
ဥပဒေသတွေထဲကဖောက်ထွက်လာတဲ့
နီစွေးစွေးအိမ်မက်တွေရဲ့ အပြီးသပ်မှာ
ငါ၏သုံးဆယ့်နှစ်ကောဌာဿတို့ဟာ
ဝိဇ္ဇာဓိုရ် တို့ ပေးအပ်သော မန္တာန်တို့ ဖြင့်
ချစ်သူရဲ့ နှလုံးအိမ်ကိုအိပ်မွေ့ ချဖို့ ကြိုးစားခဲ့ဖူးတယ်
မထုံတတ်တေးအပြုအမှုတွေနဲ့ 
စီရင်ထားတဲ့ရုပ်ကလပ်ကိုအံတုနိုင်ဖို့ ဝေးစွ
အရှိုန်ပြင်းပြင်းတိုက်ခတ်လာတဲ့
အပြုံးထုကိုတောင်မှခုခံနိုင်စွမ်းမရှိခဲ့ဘူး ။
ရက်စွဲ။   ။ ကဗျာလဆန်း (၅) ရက်နေ့ 
အလင်းမဲ့ကောင်းကင်ညမှာ
ငါ့နှလုံးသွေးအားဖောက်ထုပ်ဆောင်ကျဉ်း၍
ချစ်သူ့ ခြေအစုံကိုဆေးကြောရန်အလို့ ငှါ
ရစ်တိုင်ရှိရာသယ်ဆောင်သွားကြတယ်
မျက်စိတမှိတ်အခိုက်တန့် လေးအတွင်းမှာပဲ
သူမရဲ့ ကျေနပ်ဖွယ်အပြုံးလှစ်ခနဲတွေ့ မြင်လိုက်ရတယ်
ဤတွင်.......
ငါ၏စိတ်နယ်လွန်အတွေးပြီးမြောက်အောင်မြင်၏ ။
ရက်စွဲ။   ။ ကဗျာလဆန်း (၆) ရက်နေ့ 
အနှစ်မဲ့အကာမဲ့ဥပေက္ခာတရားတွေနဲ့ 
ငါ့ကိုအကောင်လာလာဖောက်တာကတော့
နင့်ကိုနင်လွန်တယ်လို့ မတွေးမိဘူးလား
ဒီမှာ ချစ်သူ ....
ငါ့မျှော်လင့်ချက်တွေ၊ ငါ့စိတ်ကူးအိမ်မက်တွေ
နင့်ရဲ့ လစ်လှူရှုမှုပင်လယ်ပြင်မှာ
အကြိမ်ကြိမ်ကူးသန်းလက်ပမ်းတွေကျလို့ 
မနေ့ ကတည်းက ကိုယ်တခြမ်းပုတ်ဆွေးခဲ့ပြီ။
ရက်စွဲ။   ။ ကဗျာလဆန်း (၇) ရက်နေ့ 
ဒီနေ့ ပဲ ငါ့မျှော်လင့်ခြင်းတွေကြိုးစင်သို့ ချဉ်းနင်းခဲ့ပြီ
ေ၀၀ါးနေသော မျက်လုံးအစုံအားပွတ်သပ်၍
ချစ်သူအားပြုံးပြနှုတ်ဆက်ပါ၏
တုန်ရင်နေသော လက်အစုံတို့ ဖြင့်
ချစ်သူအားလက်ပြနှုတ်ဆက်ပါ၏
အသံမဲ့ဘာသာစကားတို့ ဖြင့်
ချစ်သူအားငေးမောနှုတ်ဆက်ပါ၏
အိုဘယ့် .....ချစ်သူ
ပျော်ရွှင်စွာနေရစ်ခဲ့ပါလော့ ။   ။
မိုးသူ(တောင်ကြီး)
19mAy2012/Saturday
07:27/PM
6 comments:
ချစ်စံအိမ် said...
အနှစ်မဲ့အကာမဲ့ဥပေက္ခာတရားတွေနဲ့ 
ငါ့ကိုအကောင်လာလာဖောက်တာကတော့
နင့်ကိုနင်လွန်တယ်လို့ မတွေးမိဘူးလား
ဒီမှာ ချစ်သူ ....
ငါ့မျှော်လင့်ချက်တွေ၊ ငါ့စိတ်ကူးအိမ်မက်တွေ
နင့်ရဲ့ လစ်လှူရှုမှုပင်လယ်ပြင်မှာ
အကြိမ်ကြိမ်ကူးသန်းလက်ပမ်းတွေကျလို့ 
မနေ့ ကတည်းက ကိုယ်တခြမ်းပုတ်ဆွေးခဲ့ပြီ။ အဲစာသားကြိုက်တယ်..
ဖြိုးဇာနည် said...
ကောင်းချက်ဗျာ လွင့်မြောသွားတယ်
တကယ်ကောင်းတယ်
Snow May said...
ကဗျာလေး ကောင်းတယ် ခံစားသွားပါတယ်.. နောက်ထပ်နောက်ထပ် ကဗျာတွေအများကြီး ဖန်တီးနိုင်ပါစေ
မြတ်ပန်းနွယ် (Myat Pan Nwe) said...
ကဗျာလေး ဖတ်သွားတယ် မောင်လေး။ ကဗျာလဆန်း (၁) (၂) (၃) ဆိုပြီး ခေါင်းစဉ်ခွဲလေးတွေ ပေးထားတဲ့ပုံစံလေးကို သဘောကျလိုက်တာ..
ခင်တဲ့
မြတ်
လွင်ပြင်လှိုင်းငယ် said...
အလင်းမဲ့ကောင်းကင်ညမှာ
ချစ်သူရဲ့ တမန်တော်အချို့ တို့ သည်
ငါ့နှလုံးသွေးအားဖောက်ထုပ်ဆောင်ကျဉ်း၍
ချစ်သူ့ ခြေအစုံကိုဆေးကြောရန်အလို့ ငှါ
ရစ်တိုင်ရှိရာသယ်ဆောင်သွားကြတယ်
မျက်စိတမှိတ်အခိုက်တန့် လေးအတွင်းမှာပဲ
သူမရဲ့ ကျေနပ်ဖွယ်အပြုံးလှစ်ခနဲတွေ့ မြင်လိုက်ရတယ်
ဤတွင်.......
ငါ၏စိတ်နယ်လွန်အတွေးပြီးမြောက်အောင်မြင်၏ ။
တကယ့်ကို ကောင်းတဲ့ ကဗျာပါပဲ
ပျိုးယုဝသုန် (Pyo Yu Wathone) said...
ကဗျာလေးလာဖတ်သွားတယ် မိုးသူရေ..
Post a Comment