ခင်ဗျားတို့ နားလည်ဖို့ မလိုတဲ့ ကမ္ဘာ (သို့ ) သမိုင်းမရေးတဲ့ကမ္ဘာမြေ



ခင်ဗျားတို့ အဲဒါကိုယုံကြည်ကြပါသလား
မျိုးစေ့မှန်လို့ အပင်သန်တဲ့ ကိစ္စ လေးပါ
tissues ဗေဒနဲ့ clone ဖြစ်နေတဲ့စိတ်ဓါတ်တွေ
ဆိုးညစ်လွန်းတဲ့ကိုယ့်သန္ဓေကိုယ်ပြန်ရှာရင်း
အခုပြင်.... အခုပဲပြုပြင်လိုက်ကြပါ...

မဟာ ပထ၀ီဝင် ကမ္ဘာမြေဟာ
သက်ရှိအသင်္ချေလောကကို ပျူငှာစွာဧည့်ဝတ်ကျေတယ်
သတ္တ၀ါတိုင်းအတွက်
အဖြူရောင်သတို့ သမီးဝတ်စုံနဲ့ 
အနက်ရောင်ဈာပန၀တ်စုံတို့ ကို
fix size ဖြစ်အောင်ချုပ်ပေးထားတယ်

ပွင့်လင်းစွာ ကလော်ဆဲတတ်တဲ့ မနုဿတွေ
အဇ္ဇျတ္တခါးခါးတွေကိန်းအောင်းနေတဲ့ အန္ဓတွေကို
တနင့်တပိုးထမ်းထားပေးခဲ့တာလဲ
ပင်ပန်းတဲ့ အရိပ်အယောင်တောင်မပြခဲ့ပါဘူး
ကိုင်း...ပြောကြစမ်းပါအုံး သူ့ ရဲ့ ကျောကုန်းပေါ်မှာ
ဘယ်သူတွေဘယ်လောက်တောင်ကျရှုံးပြီးပြီလဲ
ဘယ်သူတွေဘယ်လောက်တောင်အောင်မြင်ခဲ့ပြီးပြီလဲ
ဝမ်းသာခြင်းမရှိ...၀မ်းနည်းခြင်းနထ္ထိဘက်မလိုက်ပဲ
သူဟာ သူ့ ဝန်ရိုးပေါ်မှာ...အချိန်တန် ပုံမှန်လည်ပတ်နေတယ်....

ခင်ဗျားအတွက်တကယ်ပဲအားနာမိပါတယ်
သည်းခံလက်စနဲ့ ဆက်လက်သည်းခံပေးပါ
လူသားတွေရဲ့ ရင်ခုန်သံတွေကို လစ်လျူရှုပေးလိုက်ပါ
ကျွန်တော့ရင်ထဲက ချစ်တော့မယ့်ချစ်သူကပြောတယ်ဗျ
"'ရင်ခုန်သံမြန်စေမယ့် စကားလုံးမျိုးနဲ့မဆွဲဆောင်ပါနဲ့လားတဲ့""
တကယ်ပါပဲ ကျွန်တော့ရဲ့ ကောင်ကင်ကြီးနီယွန်ရောင်တွေထိန်လင်းသွားတယ်
Los Angeles က မာကြူရီမီးတွေတောင်အရောင်ဖျော့သွားတယ်

ချိတ်ဆွဲစရာတံဆိပ်တချို့ ကပ်လိုက်ပါ
ဒါပေမယ့်  ပုဂ္ဂလိက ခံစားမှုကိုဦးစားမပေးမိပါစေနဲ့ 
နာမ်စားသုံး  performances မဖြစ်စေဖို့ အထူးဂရုပြုပါ
ကမ္ဘာမြေကတော့ ကျွန်တော်နဲ့အပေါင်းအပါတို့ ကိုခွင့်လွတ်မှာပါ
ဒါပေမယ့်...ကျွန်တော့ကို မာနရှင်တချို့ ဒဏ်ခပ်ကြလိမ့်မယ်

ကျေးဇူးပါကမ္ဘာမြေ.....
ရဲတင်းစွာနှုတ်ခွန်းဆက်ပါတယ်
Law of conservations of energy ကို
အတိအကျလိုက်နာလို့ ဂုဏ်ယူလိုက်တယ်
ကျွန်တော်ဟာ လူတချို့ နဲ့ harmony ဖြစ်ဖို့ 
အတော်အတန်ကျိုးစားရပေလိမ့်မည်
ခင်ဗျားကတော့ဥပေက္ခာတွေနဲ့ 
အချိန်တန် ပုံမှန်လှည့်လည်နေအုံးမှာပါ

မိုးသူ(တောင်ကြီး)
05 mAy 2012/Saturday
10:23/AM

<<<<ညွန်း>>>>

tissues =ဇီဝကလာပ်စည်းအစုများ

clone=မူလအပင်၊ သတ္တဝါ၏ ကလာပ် စည်းဖြင့် ယင်းမူလနှင့်တစ်ထပ်တည်းဖြစ်အောင် ဖန်တီးယူသော

fix size=အတိုင်းအထွာတိကျသော

performances =ဖျော်ဖြေရေးအနုပညာများ

Los Angeles = အမေရိကန်နိုင်ငံရဲ့ မြို့ 

Law of conservation of energy=စွမ်းအင်တည်မြဲမှုနိယာမ

့harmony=စိတ်သဘောထားညီညွတ်ခြင်း။သဟဇာတဖြစ်ခြင်း။ လိုက်ဖက်ခြင်း။

4 comments:

Snow May said...

tissue culture နည်းနဲ့ ကလုံးဖြစ်နေတဲ့စိတ်ဓါတ်တွေဆိုတဲ့ ရေးဖွဲ့ခိုင်းနှိုင်းထားတဲ့နေရာကို ကြိုက်တယ်..။

ဖြိုးဇာနည် said...

တော်တော်လေးမြင့်တယ်ဗျ့
နှစ်ခါလောက်သေချာဖတ်လိုက်မှ
သဘောပေါက်ပြီး သဘောပါကျသွားတယ်
ကောင်း၏

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မိုက်တယ် မိုးသူ.. စိတ်ကူးကောင်းတယ်..

စာကြွေးတွေ လည်း လာရှင်းသွားတယ်..

ခင်တဲ့
ဝသုန်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေး ကောင်းတယ်။
သေသေချာချာကို အသံထွက်ပြီး ဖတ်သွားခဲ့ပါတယ်။

( ကဗျာလေးတွေဆို ပထမ စိတ်နဲ့ဖတ်တယ်။ နောက် သဘောကျတယ်ဆို အသံထွက်ပြီးပါ ထပ်ဖတ်လေ့ရှိတယ် )

ခင်လျက်
မြတ်

Post a Comment