ပြီးပြီးပျောက်ပျောက်စိတ်ဓါတ်များ


စုန်းစုန်းမြုတ်နေတဲ့ သည်းခံခြင်းတွေ
အမောက်ထောင်လို့ ဘယ်ယိမ်းညာယိမ်းနဲ့ 
ဆိုးပြီ...တကယ့်ကိုဆိုးပြီ
မှောင်နေတော့ အကန်းအတိုင်းပေါ့
ကျူပ်တို့ နိုင်ငံရဲ့ ဖရုဿဝါစာတွေ
အတော့်ကိုပီသလာတယ်
" သေချင်းဆိုးတွေနောင်ဘ၀အကန်းဖြစ်ပါစေတော် ....
ဒင်းတို့ တွေအိမ်ကျတော့အမြဲလင်းတယ် စသဖြင့်
ကြည်နူးဖွယ် ဣဿမစ္ဆရိယတွေမြည်တွန်ကြတယ် ။

တဏှာအိမ်ကို လက်သမားဆောက်ထားတာပဲ
စည်သွပ်ဗူးထဲက ကဗျစ်ကညစ်အသားတုံး
ခင်ဗျားပန်းချီကားထဲထည့်သုံးလိုက်ရောပေါ့ဗျာ
ပြားကပ်ကပ်အတွေးတွေဖောဖောသီသီနဲ့ 
ကျူပ်တို့ တွေကလဲ အလွန်အင်မတန်ခက်သဗျ
ဈေးကွက်ကိုနားမလည် ဥာဏ်ကြီးရှင်တို့ ပြောသမျှ
လက်ညိုးထောင်ခေါင်းညိမ့်...အင်း .......
ပြဇာတ်အငြိမ့်က , သလိုပါပဲလား ။

သမ္မတကြီးကျန်းခန့် သာလို့ မာပါစ
မေးထူးခေါ်ပြောပုံများ သင်းတယ်
အတိုးနဲ့ အရင်း  ပြီးတော့...တိုးရင်းပေါင်း
စီမံကိန်း ၊ စနစ် ၊ ဇယား ၊ ပြုလုပ်ချက်
ကျူပ်အိမ်က တီဗွီမှာတော့
သူတို့ တတွေကမင်းသားတွေပဲ
ထန်းတက်လက်မှတ်ရထားတဲ့သူတွေကိုဗျ
ဟုတ်တာပေါ့ .... လားပင်စင်မယူသေးခင်ထိတော့ ။

ဘ၀င် ၊ အာဏာ ၊ဆန္ဒ ၊ အဓိကရုန်း၊
အားလုံးအချိုးညီတယ် ပြီးရင် စတီးလက်ကောက်
အမြီးအမှောက် တည့်ဖို့  sanctionsဖြတ်တယ်
စီးပွားရေးပိတ်ဆို့ မယ် ... ဒါဆို ....
ကျူပ်တို့ ပြောင်းဆန်စားပြီး ထိုင်ဟားကြမယ်
ဖယောင်းတိုင်ဘယ်ဈေးလဲ ...မေးမနေနဲ့ 
သဘာဝဓါတ်ငွေ့ ဖိုး၂၉ ဘီလျံနဲ့ ဈေးတူတူပဲ ။

ကိုင်းးးးးးးးး တွေးကြည့်ကြစမ်းပါအုံး
လွတ်တော် တဲ့ ဗျာ လပြွတ်ပေါ်တဲ့ ကိစ္စ
ဆွေးနွေးနေသလားမှတ်ရတယ်
အေးဆေးနေချင်တဲ့ ကျူပ်တို့ စရိုက်
ဘယ်,အတိုက်ခံကိုမှမဲမပေးခဲ့ဘူး
ကြားနေ ကြားနေ ကြားနေ ကြားနေ
နေရင်း နေရင်း နေရင်း နေရင်း အလကားသာသေသွားကြတယ်
သွေးစွန်းတဲ့ နေ့ တွေ ကျူပ်ဒီတသက်မမေ့ဘူး....ဟေ့

မိုးသူ(တောင်ကြီး)
03 June 2012/Sunday
07:23/Pm


Seven July သို့  အကြို

5 comments:

  1. သမတကြီးကျန်းခန့် သာလို့ မာပါစ
    မေးထူးခေါ်ပြောပုံများ သင်းတယ်
    အတိုးနဲ့ အရင်း ပြီးတော့...တိုးရင်းပေါင်း
    စီမံကိန်း ၊ စနစ် ၊ ဇယား ၊ ပြုလုပ်ချက်
    ကျူပ်အိမ်က တီဗွီမှာတော့
    သူတို့ တတွေကမင်းသားတွေပဲ
    ထန်းတက်လက်မှတ်ရထားတဲ့သူတွေကိုဗျ
    ဟုတ်တာပေါ့ .... လားပင်စင်မယူသေးခင်ထိတော့ ။
    ကဗျာလေးကောင်းပါ့

    ReplyDelete
  2. ဒီတခါတော့ အဓိပ္ပါယ်ပြည့်ဝပြီး နဲနဲကြမ်းတယ်
    ကဗျာကောင်းလေးပါပဲ

    ReplyDelete
  3. ရင်တွင်းဖြစ်.... ခံတပ် တစ်ခု။

    ReplyDelete
  4. မိုးသူရေ..

    ကဗျာက မာန်ပါတယ်။
    အဲလိုလေး ကြိုက်တယ်။
    ကြားနေ ကြားနေ ကြားနေ ကြားနေ
    နေရင်း နေရင်း နေရင်း နေရင်း အလကားသာသေသွားကြတယ်။။
    အားပေးသွားတယ်နော်။

    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  5. ကဗျာကောင်းတပုဒ်ပါ။ အားပေးနေပါတယ်။

    ReplyDelete